Saturday, November 28, 2015

28.11.2015...ကြေးမုံ စာတည်းရှုထောင့်






အများအကျိုးအတွက်တာဝန်ကျေ




နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏မဏ္ဍိုင်သုံးရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက် လာစေရန် အသုံးစရိတ်များလိုအပ်သည်။ ထိုအသုံးစရိတ်များကို နိုင်ငံ့ဘဏ္ဍာမှ ကျခံသုံးစွဲသည်။ ထိုဘဏ္ဍာငွေကို အခွန်ပေးဆောင်ခြင်းမှ ရယူကြရသည်။ ထို့ကြောင့် အခွန်တာဝန်ကျေပွန်သော၊ အားကောင်းသောနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု အားကောင်းသည်။ နိုင်ငံသားများကလည်း မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ အခွန်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြသည်။

တိုင်းပြည်အတွက် မလုပ်မဖြစ်လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်၊ တစ်နိုင်ငံလုံးအတွက် အုပ်ချုပ်ရေး၊ လူမှုရေးနှင့် စီးပွားရေးစသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် ရငွေများလိုအပ်သည်။ ထိုအသုံးစရိတ်အတွက် လိုအပ်သော ငွေကြေးများရရှိနိုင်ရန် ဥပဒေပြဋ္ဌာန်း၍ လူပုဂ္ဂိုလ်များနှင့် လုပ်ငန်းများထံမှ အစိုးရကအခွန်ကောက်ခံသည်။ ထို့ကြောင့် ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံ့ဘဏ္ဍာဟု ခေါ်ဆိုကြသည်။

မြန်မာနိုင်ငံတွင် အခွန်ဟုဆိုလျှင် မိမိရငွေထဲမှပေးဆောင်ရခြင်းဖြစ်၍ ရှောင်ဖယ်ဖယ်ပြုလုပ်တတ်သည်။ အကြမ်းဖျင်းအားဖြင့် အစိုးရကို သက်သက် ပေးနေရသည်ဟု ထင်မြင်ကြသည်။ အမှန်တွင် ဝင်ငွေရလမ်းမရှိသော ကာကွယ် ရေး၊ လုံခြုံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးစသည့်အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုရန်ဖြစ်သည်။ အခွန်နည်းလျှင် ထိုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် မလွယ်ကူချေ။

အခွန်ကောက်ခံခြင်းသည် ဘဏ္ဍာငွေရရှိရုံသာမဟုတ်။ ငွေကြေးစီးဆင်းမှု၊ ငွေကြေးလည်ပတ်မှုမှန်ကန်ရေး၊ ငွေကြေးဖောင်းပွမှုလျော့နည်းရေး၊ ဝင်ငွေ ကွာဟမှုလျော့နည်းရေး၊ နိုင်ငံတော်က အကောင်အထည်ဖော်နေသော စီးပွားရေး စနစ်အောင်မြင်ရေးတို့ကို များစွာအထောက်အကူပြုသည်။ ဥပဒေနှင့်အညီ အစိုးရသို့ မဖြစ်မနေပေးဆောင်ရသော ငွေကြေးဖြစ်သည်။ အစိုးရအတွက် သာမန်ရငွေဖြစ်ထွန်းရာ အရေးအကြီးဆုံးဇာစ်မြစ်ဖြစ်သည်။

အခွန်ပေးဆောင်ရာတွင် သတ်မှတ်ထားသည့် ရငွေထက်ကျော်လွန်မှ သာကောက်ခံထား၍ အခွန်တိမ်းရှောင်ရန်အကြောင်းမရှိချေ။ သတ်မှတ်ထားသော ရငွေထက်ကျော်လွန်သော်လည်း အခွန်ပေးဆောင်ရန်ပျက်ကွက်ပါက နိုင်ငံသားတာဝန်ပျက်ကွက်ပြီး ဥပဒေနှင့်ငြိစွန်းသည်။ အစိုးရက ပြည်သူပြည်သားများ အကျိုးငှာ ကင်းလွတ်ခွင့်ပြုထားသော အခွန်အမြောက်အမြားရှိ၍ နိုင်ငံတော်၏ ဘဏ္ဍာမထိခိုက်ရန်နှင့် ပြည်သြူုပည်သားများ အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် သတ်မှတ်ထားသောအခွန်ငွေကို မဖြစ်မနေပေးဆောင်သင့်သည်။

ပြည်သူပြည်သားများအတွက် အခြေခံလိုအပ်သော မဖြစ်မနေသုံးစွဲရန် လိုအပ်သည့် ကောက်ပဲသီးနှံ၊ အစားအစာ၊ လူ့အသုံးအဆောင်၊ ကျန်းမာရေး ပစ္စည်းများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားသည်။ ထို့အပြင် အိမ်ငှားရမ်းခြင်း၊ အများနှင့်သက်ဆိုင်သောလုပ်ငန်းများနှင့် တိရစ္ဆာန်ဆိုင်ရာလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားရာ အများပြည်သူအကျိုးစီးပွားကို ရှေးရှုဆောင်ရွက် ထားသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရရှိမှု လျော့နည်းခဲ့သော်လည်း ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွက် အခွန်ကောက်ခံရရှိမှု သတ်မှတ်လျာထားချက်ကျော်လွန်ပြီး ရာခိုင်နှုန်း ၁၁၆ ဒသမ ၂၈ ရာခိုင်နှုန်းရရှိနေပြီဖြစ်၍ နိုင်ငံအတွက်အလားအလာကောင်းသည်။ အခွန်ငွေကောက်ခံရာတွင်လည်း အဂတိတရားကင်းစွာ ကောက်ယူခြင်းဖြင့် နိုင်ငံတော်အပေါ်သစ္စာရှိသင့်သည်။ အခွန်ထမ်းရာမှာလည်း သက်သာမှုကိုရယူလိုသဖြင့် နှစ်ဦးနှစ်ဖက်အမှားမဖြစ်ဘဲ သစ္စာရှိရမည်။ နိုင်ငံ့တာဝန်ထမ်းဆောင်ကြသူများ အနေဖြင့်လည်း မိမိသုံးစွဲခွင့်ရသောငွေများသည် ပြည်သူလူထု ထည့်ဝင်ငွေများဖြစ်၍ စနစ်တကျဖြင့် ခြိုးခြံချွေတာသုံးစွဲသင့်သည်။

ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် ပြည်သူများအား ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ခြင်းမှာ အခွန်ငွေလုံလောက်အောင် ရရှိထားသောကြောင့်ဖြစ်သည်။ မိမိတို့အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် ကောင်းမွန်သောပုံဖော်မှုကိုဆောင်ရွက်နိုင်ရန်အတွက် အခွန်တာဝန်ကျေသော နိုင်ငံသားများ၊ ဘဏ္ဍာငွေကို ခြိုးခြံချွေတာသုံးစွဲနိုင်သူများဖြစ်အောင် ကြိုးပမ်းအားထုတ်သင့်သည်။ ။

No comments:

Post a Comment