Saturday, November 28, 2015

ဝေဖန်မှုများကြားထဲက ဝိန်းရွန်းနီ



မေ လဲ့ သင်း

ပီအက်စ်ဗွီနဲ့ မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၅)မှာ မန်ယူအနေနဲ့ ဂိုးမရှိသရေ ရလဒ်သာ ကစားနိုင်ပြီးနောက် မန်ယူရဲ့တိုက်စစ်ကို ဦးဆောင်ခွင့်ရရှိထားသူလည်းဖြစ်၊ အသင်းခေါင်းဆောင် လည်းဖြစ်သူ ဝိန်းရွန်းနီအပေါ် ဝေဖန်မှုတွေပိုမို ကျရောက်လာခဲ့ပါတယ်။ ဝိန်းရွန်းနီက ဒီနှစ် ဘောလုံးရာသီစတင်ချိန်မှ ခြေစွမ်းပျောက်နေ ခဲ့တာမဟုတ်ဘဲ မနှစ်က ဘောလုံးရာသီ ကုန်ခါနီးကတည်းက ဂိုးသွင်းခြေပျောက် ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ မနှစ်က မန်ယူကွင်းလယ် အင်အား မပြည့်စုံတာကြောင့် ကွင်းလယ်မှာ ဆင်းပြီးကစားနေရတာ ဖြစ်လို့ သူ့ရဲ့သွင်းဂိုးတွေ နည်းပါးလာမှုအပေါ် အပြစ်တင်ဖို့ထက် နည်းပြဗန်ဟားလ်ရဲ့ နည်းဗျူ ဟာ အခင်းအကျင်းအပေါ်သာ အင်္ဂလန်မီဒီယာ တွေက အပြစ်ဖို့ခဲ့ကြပါတယ်။



ယခင် မန်ယူအသင်းခေါင်းဆောင် ရွိုင်ကိန်းကတော့ ရွန်းနီက ကိုယ်နဲ့မဆိုင်တဲ့ နပန်းပွဲလိုမျိုးတွေမှာသာ စိတ်ဝင်စားနေပြီး ကိုယ်ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်ပေါ်ကို အပြည့် အဝအာရုံစိုက်ခြင်းမရှိသလို ကွင်းထဲမှာရော အဝတ်လဲခန်းမှာပါ အသင်းသားတွေအပေါ် ဦးဆောင်မှုအရည်အသွေးညံ့ဖျင်းနေသူလို့ စွပ်စွဲ လိုက်ပါတယ်။


''ရွန်းနီရဲ့ သွင်းဂိုးမှတ်တမ်းတွေက အံ့သြ လောက်ဖွယ်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်ပတ်လောက် ကတင် သူ့ကို နပန်းပွဲလိုမျိုးတွေမှာတွေ့နေရတုန်းပဲ။ ဒါက အဓိပ္ပာယ်မှမရှိတာ။ အခုလိုပွဲကျပ်ကာလ တွေရောက်ရှိတော့မယ့်အချိန်မှာ ကိုယ့်ရဲ့ ကာယပိုင်း ကြံ့ခိုင်ဖို့နဲ့ အကောင်းဆုံးပုံစံရအောင်ဘယ်လိုလုပ်ဆောင် ရမလဲ ဒါကိုပဲ အာရုံစိုက်ရမှာပါ''လို့ ရွိုင်ကိန်းက ရွန်းနီနဲ့ပတ်သက်ပြီး အိုင်တီဗွီကိုပြောခဲ့ပါတယ်။


ဝိန်းရွန်းနီက ကွင်းလယ်မှာသာ ကစားနေရတာ များနေခဲ့တာကြောင့် ဗဟိုတိုက်စစ်နေရာ ပြန်ကစား ခွင့်ရချိန်မှာ ဂိုးဧရိယာအတွင်း တိုက်စစ်အကူ တစ်ယောက်ယောက် ပါမလာရင် ပြိုင်ဘက် နောက်ခံကစားသမားတွေနဲ့ ဂိုးသမားကို ခြိမ်းခြောက် နိုင်မှုနည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။ ရွန်းနီက မန်ယူအတွက် စုစုပေါင်း ၄၉၈ ပွဲ ဝင်ရောက်ကစားခဲ့ ရာမှာ သွင်းဂိုး၂၃၇ ဂိုးအထိ ရှိခဲ့တာကတော့ သူ့ရဲ့ မှတ်တမ်းကောင်းပါ။ ရွန်းနီက ၂ဝဝ၄ခုနှစ်မှာ အဲဗာတန်ကနေ မန်ယူကို ပြောင်းရွှေ့လာပြီး သူ့ရဲ့ သွင်းဂိုးတွေနဲ့ မန်ယူကို အထောက်အပံ့ ပြုနိုင်ခဲ့ပါတယ်။


ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ တော့ မန်ယူအတွက် ၁၉ ပွဲ ဝင်ရောက်ကစားခဲ့ရာ ခုနစ်ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး အဲဒီထဲက ငါးဂိုးက ချန်ပီယံလိဂ်နဲ့ ကပ်ပီတယ်ဝမ်း ဖလားမှာ သွင်းယူခဲ့တဲ့ဂိုးတွေပါ။ ဒါကြောင့်လည်း ရွန်းနီက သူဟာ အင်္ဂလန်အသင်းမှာ သူ့ရဲ့ ပုံမှန်နေရာအတွက် ပထမဆုံးအကြိမ်ခြိမ်းခြောက် ခံနေရပြီလို့ ဝန်ခံခဲ့ရတယ်အထိ ဖြစ်ခဲ့ရပါတယ်။ အင်္ဂလန်မှာ ဗာဒီ၊ ဟယ်ရီ ကိန်းတို့ ခြေစွမ်းပြနေကြ ပြီး ရွန်းနီကလည်း အရင် ကလို ဂိုးသွင်းခြေ မရှိခဲ့ တာကြောင့် နေရာပျောက် မယ့် အနေအထား ဆိုက်ရောက် နေခဲ့ တာပါ။


ဝိန်းရွန်းနီရဲ့ ကစားသမားဘဝကို ကြည့်ရင် ၂ဝဝ၂ ခုနှစ် သြဂုတ် ၁၇ ရက် အဲဗာတန်နဲ့ စပါးတို့ ကစားတဲ့ပွဲမှာ ပွဲဦးထွက် ဝင်ရောက်ကစားခွင့်ရခဲ့ပြီး အဲဒီပွဲမှာ ကိုယ်တိုင်ဂိုးသွင်းယူ နိုင်ခြင်းမရှိခဲ့ပေမယ့် မာ့ခ်ပန်းဘရစ်ခ်ျ သွင်းယူတဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒီနှစ် အောက်တိုဘာ၂ ရက် ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ကပ်ပီတယ်ဝမ်းဖလားပြိုင်ပွဲမှာ သွင်းဂိုး နှစ်ဂိုးသွင်းယူကာ အဖွင့်လှခဲ့ပြီးနောက် ယူရို၂ဝဝ၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံခဲ့ရသလို ခြေစွမ်းလည်း ပြသနိုင်ခဲ့ပါတယ်။


ရွန်းနီက အဲဒီတုန်းက ပြင်သစ်လို ကမ္ဘာ့အဆင့် (၁)နေရာမှာ ရပ်တည်နေတဲ့ အသင်းဘက်ကိုတောင် ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် သူ့ရဲ့နာမည်က တစ်ရှိန်ထိုး ကျော်ကြားလာခဲ့ပါတယ်။ ဒါကြောင့်လည်း မန်ယူ နည်းပြ ဖာဂူဆန်က သူ့ကိုအရခေါ်ယူနိုင်ခဲ့ပြီး နောက် ခြေစွမ်းပိုင်းလည်း ပိုမိုတိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ဘောလုံးရာသီကစပြီး သူ့ရဲ့ခြေစွမ်းပိုင်း ကျဆင်းလာမှုကို မှတ်တမ်းတွေအရ တွေ့ရှိကြရမှာ ဖြစ်ပါတယ်။


ဒါဆိုဘာဖြစ်လို့သူ့ကို ဒီနှစ်မှာ ဘာလို့ထူးပြီး ဝေဖန်နေတာလဲလို့ စာဖတ်သူတွေအနေနဲ့ တွေးကောင်း တွေးထင်နိုင်ပါတယ်။ ဗန်ဟားလ်က ဒီနှစ်မှာ မန်ယူရဲ့ ကစားကွက်ကို ၄-၂-၃-၁ ခင်းကျင်းပြီး ရွန်းနီဂိုးသွင်းခြေ တွေ့စေဖို့ ဗဟိုတိုက်စစ်နေရာမှာထားပြီး ကစားစေခဲ့ပါ တယ်။


ဒါပေမယ့်ရွန်းနီက ပရီမီယာလိဂ်(၁၁)ပွဲမှာမှ နှစ်ဂိုးပဲ သွင်းနိုင်တာက သူဟာ မန်ယူတိုက်စစ်ကို တစ်ယောက်တည်းဦးဆောင်ဖို့ မပြည့်စုံဘူးလို့ ဖော်ညွှန်းနေတဲ့ အနေအထားပါ။ ရွန်းနီကို ပွဲတိုင်းကစားစေချင်ရင် ဗန်ဟားလ်အနေနဲ့ ၄-၄-၂ ကစားကွက်ကို ခင်းကျင်းရမှာပါ။ ဒါမှသာ ရွန်းနီအနေနဲ့ တိုက်စစ်အကူ တိုက်စစ်မှူးတစ်ယောက်ပါလာရင် လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မှာဖြစ်လို့ သူ့ရဲ့ မူရင်း ခြေစွမ်းကို ပြန်ရလာမှာဖြစ်ပါတယ်။


ဖာဂူဆန်လက်ထက်မှာ ရွန်းနီခြေစွမ်းမပျောက် တာက ၄-၄-၂ ကစားကွက်တောက်လျှောက်ခင်းကျင်း လာခဲ့လို့ဖြစ်ပါတယ်။ အင်္ဂလန်မှာ ရွန်းနီ ပုံမှန်ဂိုးသွင်း ခြေရနေတာကလည်း ရွိုင်းဟော့ဆန်က ၄-၄-၂ ကစား ကွက်ကိုပဲ ကျင့်သုံးတာကြောင့်ပါ။ ဒါကြောင့် ရွန်းနီ ခြေစွမ်းပျောက်နေတာကို အဖြေရှာဖို့ တစ်ခု တည်းသော နည်းလမ်းက ၄-၄-၂(သို့မဟုတ်)၃-၅-၂ ကစားကွက်ကို ဗန်ဟားလ်ခင်းကျင်းပေးဖို့ပဲ လိုတယ်လို့ သုံးသပ်ရင်း...။


No comments:

Post a Comment