Saturday, November 28, 2015

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြေစာပုံပြိုကျမှုတွင်ပါဝင်သည့် မိသားစုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်




The Mirror Daily's photo.


မြစ်ကြီးနား နိုဝင်ဘာ ၂၇

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကန်ခမ်စုပေါင်း မြေစာပုံ၌ နိုဝင်ဘာ ၂၁ ရက်က အမြင့်ပေ ၂ဝဝ ခန့်မှ မြေစာများပြိုကျမှုဖြစ်ပွားခဲ့ရာ လုံးခင်းကျေးရွာအုပ်စု လမောင်းကျေးရွာလျှိုထဲရှိ ယာယီလူနေတဲများ ပေါ်သို့ပြိုကျခဲ့သဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရှေ့တန်းအမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်ရင်း၊တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ကျောက်မျက်တူး ဖော်ရေးကုမ္ပဏီများမှ ဘက်ဟိုးယာဉ်များဖြင့် နိုဝင်ဘာ ၂၄ ရက်အထိ ရှာဖွေ လျက်ရှိသည်။

နိုဝင်ဘာ ၂၄ ရက်က ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် ဘက်ဟိုးယာဉ် ၂၁ စီးဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကယ်ဆယ်ရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မြေစာပုံပြိုကျမှုအခြေအနေများနှင့် သေဆုံးသူမိသားစုများရှာဖွေ တွေ့ရှိမှုအခြေအနေတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်းကော့ကျေးရွာ မဏိသုခဘုန်းတော်ကြီးကျောင်း၌ မြေစာပုံပြိုကျမှုတွင်ပါဝင်ခဲ့သည့် မိသားစု များနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မိသားစုများအား ထောက်ပံ့ငွေများပေးအပ်ရာ ရှာဖွေတွေ့ရှိသည့် သေဆုံးသူ ၁၁၄ ဦးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၁၄ သိန်း၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် ကျောက်မျက်လုပ်ငန်း ရှင်များအသင်းမှ တစ်ဦးလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် ငွေကျပ် ၃၄၂ သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က သေဆုံးသူများမှအမည်သိ မိသားစုဝင် ၈၃ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၈၃ သိန်းစီ၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ငွေကျပ်နှစ်သိန်းတို့ဖြင့် စုစုပေါင်းငွေကျပ် ၆၂၄ သိန်းနှင့် မြို့နယ်မှ ဆန် ၁၁၄ အိတ်နှင့် ဆီ ၂၂၈ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိပ်မူကျေးရွာ၌ ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရန်ပုံငွေကျပ်သိန်း ၂၅ဝဝ ဖြင့် တည်ဆောက်လျက်ရှိသည့် ဝှေခါချောင်းကူး တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ (ပြည်နယ်ပြန်/ဆက်)

No comments:

Post a Comment