Monday, November 30, 2015

မွေးနေ့ကိုအမှီပြု၍ အထက်အောက်စာပေချစ်သူတွေ တွေ့ဆုံရှင်သန်ခွင့်ပေးသောလူထုဒေါ်အမာ နှစ်တစ်ရာပြည့်မွေးနေ့ တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပ




The Mirror Daily's photo.


မန္တလေး နိုဝင်ဘာ ၂၉

သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာ နှစ်တစ်ရာပြည့်အထိမ်း အမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမရပူရမြို့နယ် တောင်သမန်အင်းစောင်းမည်စည်ပင်တန်းအနီးရှိ တောင်လေးလုံး ကျောင်းတိုက်တွင် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြ သော သတင်းစာဆရာကြီးများ၊ စာရေး ဆရာကြီးများနှင့် မိသားစုဝင်များက ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြန်မာစာဂုဏ်ထူး ဦးသိန်းနိုင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ BOWMAN VICKY ၊ ဦးထွန်းအောင်ကျော်(တရားရုံးချုပ် ရှေ့နေ) NILAR JAME SAM ၊ ဦးအံ့မောင်၊ ဒေါက်တာစိုးတင်၊ ညီပုလေးတို့က သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အမှတ်တရစကားများပြောကြားခဲ့ကြသည်။
ဆရာမကြီး၏ မွေးနေ့ပွဲသို့ တက်ရောက်လာကြသော မြန်မာပြည် အနှံ့အပြားမှ စာပေမိတ်ဆွေများနှင့် တပည့်သားမြေးများက အချင်းချင်းတွေ့ဆုံ၍ အားပါးတရပြောကြား သွားခဲ့သော ဂုဏ်ပြုအမှတ်တရ စကားသံများကို မျှဝေခံစားဖော်ပြပေး လိုက်ပါသည်။

ဆရာနေဝင်းမြင့်

အမေကကျွန်တော့်အတွက်တော့ ဘဝနှစ်ခုအတွက် အားကိုးခဲ့ရတာပါ။ တစ်ခုက မိသားစုဘဝအတွက် အားကိုး ခဲ့ရသလို စာပေကလည်း အမေ့အရိပ်အောက်မှာ လုပ်ကိုင်ကြိုးစားခဲ့ရ တာဆိုတော့ အမေ့ကျေးဇူးက ဆပ်ရင်ကုန်နိုင်ဖွယ် မရှိပါဘူးဗျာ။ ဒီနေ့မြင်ကွင်းကြီးကိုတွေ့ရတာ ဝမ်းသာလိုက်တာ။ နှစ်ပေါင်းများစွာ မတွေ့ရတဲ့ ရေးဖော်ရေးဖက်တွေကို တစုတဝေးတည်း အမေရဲ့မွေးနေ့ပွဲကြီးကို အကြောင်းပြုပြီးတွေ့ရတာ အခု ရင်ခုန်နေတယ်ဗျာ။

ဆရာကျော်ရင်မြင့်

ဒေါ်ဒေါ်က ဒီလိုသူ့ရဲ့ မွေးနေ့ပွဲ လုပ်တာကို သိပ်ပြီးသဘောမကျဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒေါ်ဒေါ့်မွေးနေ့ကို အကြောင်းပြုပြီး အထက်အောက်စာပေမိတ်ဆွေတွေ တွေ့ဆုံကြပြီး ရင်းနှီးခင်မင်ခွင့်ရကြလို့ ဒေါ်ဒေါ့်ကို မွေးနေ့ပွဲလုပ်ပေး ခွင့်ပြုပါလို့ ခွင့်တောင်းပြီး ဒေါ်ဒေါ်ရဲ့ အသက်(၇ဝ) ပြည့်နှစ်ကစလို့ လုပ်ခဲ့ ကြတာပါ။ ဒါကြောင့်လုပ်ခွင့်ပြုတဲ့ ဒေါ်ဒေါ့်ကိုလည်း ကျေးဇူးတင်ပြီး သတိရနေပါတယ်။ နောက်တစ်ခုက သူ့မွေးနေ့ကို သူသားသမီးတွေ၊ စာပေ သမားတွေက အခုလိုကျင်းပရတာဟာ သူကိုယ်တိုင်လုပ်သွားတဲ့ အလုပ်တွေပေါ်မှာ ဂုဏ်ပြုတဲ့သဘောပါ။ ဒေါ်ဒေါ့်ကို နမူနာယူပြီး ပြည်သူ့ဘက်ကရပ်တည်ကာ နိုင်ငံကောင်း ကျိုးတွေလုပ်ကြမယ်ဆိုရင် ဒေါ်ဒေါ်ဝမ်းသာနေမှာဖြစ်ပါတယ်လို့ပြောလိုပါတယ်။ အခုလို တကူးတက ကုန်ကျ စရိတ်တွေ ဘေးဖယ်ထားပြီး ဒေါ်ဒေါ့်ကိုချစ်တဲ့စိတ်နဲ့ လာကြတာ ဖြစ်လို့ ဝမ်းသာတဲ့အပြင် ကျေးဇူး လည်း တင်ပါတယ်။

ဆရာ ကိုရိုးကွန့်

ဒေါ်ဒေါ်ရဲ့ နှစ်(၁ဝဝ)ပြည့်ကတော့ မြန်မာပြည်အနှံ့မှာရှိတဲ့ စာရေးဆရာတွေ၊ စာပေချစ်သူတွေ အားလုံး အလေးထားလာရောက်ကြတဲ့ ပွဲလေး ဖြစ်ပါတယ်။ သူ့ကိုချစ်ခင် ယုံကြည် အားကိုးစိတ်နဲ့ ဒီပွဲလေးကို လုပ်တာ ဖြစ်ပါတယ်။ ဒေါ်ဒေါ်ဟာ စာပေလောကမှာတင်မက လူမှုရေးပိုင်းမှာလည်း မန္တလေးဗြဟ္မစိုရ်အသင်းကြီး ကို တည်ထောင်ဖို့ စတင်ခဲ့သူဖြစ်ပါတယ်။ ဒီနေ့မှာဆို ဒေါ်ဒေါ်ရဲ့မွေးနေ့ ကိုအမှီပြုပြီး ကျွန်တော်တို့ အနယ် နယ်အရပ်ရပ်က ဆုံဖြစ်ဖို့မလွယ်လှတဲ့ စာပေသမားအချင်းချင်း တွေ့ဆုံ ဖြစ်တဲ့အတွက် ဒါဟာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် မှန်အောင်ပစ်နိုင် လိုက်တဲ့ ပွဲလေးတစ်ခုလို့ပဲ တင်စားလိုက်ပါရစေ။ အခုအချိန်မှာ ရာသီ ဥတုကလည်း သာယာအေးချမ်းနေပြီ ဖြစ်တဲ့အတွက် အားလုံးရဲ့ရင်ထဲမှာလည်း အေးအေးချမ်းချမ်းနဲ့ နိုင်ငံ အကျိုး၊ စာပေအကျိုးကို ပူးပေါင်းပြီး ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုပါရစေ။

စာရေးဆရာမနီနီနိုင်(သထုံ)

ကျွန်မက ရန်ကုန်ကနေ အမေရဲ့ မွေးနေ့ပွဲကို လာတက်တာပါ။ ၁၉၇၆ ခုနှစ်ကတည်းက အမေရဲ့အရိပ်ကို ခိုခဲ့ရပြီး အမေရဲ့စာတွေနဲ့ ကြီးပြင်း ခဲ့တာပါ။ အမေရေးခဲ့တဲ့ စာတွေက အကုန်လုံးမှတ်သားစရာတွေ ကြီးပါပဲ။ ရန်ကုန်ကလာတဲ့ လမ်းတစ်လျှောက် ကားပေါ်မှာ အမေ့အတွက် အမှတ်တရ ကဗျာတွေစပ်ပြီး သီဆိုပေးကြပါတယ်။ အခုလို အချိန်မှာ အမေဖြစ်ချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေပြီမို့ အမေဝမ်းသာနေမှာပါ။

ဦးခင်မောင်ငြိမ်း(မြန်ဂုဏ်ဆောင်) ကောလင်း

မန်းမှာမွေး၊ မန်းမှာနေ၊ မန်းမှာ သေခဲ့သော်လည်း ကမ္ဘာတည်သရွေ့ မမေ့နိုင်ခဲ့ပါဘူး။ ရန်ကုန်တက္ကသိုလ် ကျောင်းသူဘဝမှာ ကမ္ဘာလှည့်၍ ဒိန်းမတ်၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ရုရှား၊ ဂျာမနီ၊ ပိုလန်နဲ့ တရုတ်နိုင်ငံ တွေမှာ စာပေဝတ်မှုန်ကူးပြီး မြန်မာ စာဖတ်ပရိသတ်တွေကို သုတ၊ ရသ တွေကို ဖြန့်ဝေခဲ့သူပါ။ ခေတ် ပညာတတ် အမျိုးသမီးဖြစ်ပေမယ့် မြန်မာဆန်ဆန် မြန်မာမှုကိုချစ်မြတ်နိုးသူ ဇိမ်ခံကားစီး၍ ဆိုရှယ်ကျပိုင်ခွင့်ရှိပေမယ့်လည်း ကြုံရာကားစီး၍ လမ်းမပေါ်လျှောက်ကာ အောက်ခြေလူသားများနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူ လူထုဒေါ်အမာကို ကျွန်တော်တို့ လေးစားအားကိုးခဲ့ရပါတယ်။ ဒီနေ့ ဆရာမကြီးရဲ့ နှစ်(၁ဝဝ)ပြည့်မွေးနေ့ပွဲ မှာ စာပေပီတိဝေဖြာမှုနဲ့ ကြုံခွင့်ဆုံခွင့် ဆောင်ရွက်နိုင်ခွင့်များကို လှိုက်လှဲ ကြည်နူးအထူးဝမ်းသာနေရပါပြီ။

ဦးစိုးဝင်းမြင့် (စာပေချစ်သူ)

နှစ်ပေါင်းများစွာ အိမ်နီးချင်း အဖြစ်သာမက နံနက်ခင်းလမ်း လျှောက်ဖော်အနေနဲ့ပါ နေခဲ့ရတဲ့ အတွက် တရင်းတနှီး ဒေါ်ဒေါ်လို့ပဲ ခေါ်ခဲ့တာပါ။ နံနက်ခင်း လမ်းလျှောက်တဲ့အခါ လမ်းတစ်ဝက်မှာ ပြန်လှည့်တတ်လွန်းလို့ ဇွဲရှိရှိနဲ့ လျှောက်မှ ပန်းတိုင်ကိုရောက်မှာ ပေါ့။ သူလျှောက်တဲ့အထိ ကြိုးစားပြီး လျှောက်စမ်းပါလို့ ပြောခဲ့တဲ့စကား တစ်ခွန်းကြောင့် နောက်ပိုင်းမှာ ဒေါ်ဒေါ်နဲ့အတူ မင်္ဂလာတံတားအထိ လျှောက်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လမ်းလျှောက်ရင်း ဆုံးမခဲ့တဲ့ စကား တွေနဲ့ ဒေါ်ဒေါ်ရေးသားခဲ့တဲ့ အမေ့ ရှေးစကားစာပေတွေကြောင့် ကျွန်တော့် သမီးနှစ်ယောက်ကို မြန်မာအမျိုးသမီး ပီသအောင် ထိန်းကျောင်းပေးနိုင်ခဲ့ ပါတယ်။ ဒေါ်ဒေါ်ရဲ့မွေးနေ့တွေကို မလာဖြစ်ခဲ့တာကြာပေမယ့် အခု နှစ်(၁ဝဝ)ပြည့်မှာတော့ သတိတရနဲ့ ဒေါ်ဒေါ်ရဲ့ ကျေးဇူးတရားတွေကို ဂုဏ်ပြုရင်း အမှတ်တရစကား တွေကို ကြားနိုင်ပြောနိုင်ဖို့ ဒီပွဲလေးကို လာဖြစ်ခဲ့တာပါ။

ဆရာညီပုလေး

အမေရဲ့မွေးနေ့ကို အနယ်နယ် အရပ်ရပ်က တကူးတကလာရောက်ကြတဲ့ စာပေမိတ်ဆွေရောင်းရင်း တွေကို အထူးကျေးဇူးတင် ဝမ်း မြောက်မိပါတယ်။ ကျွန်တော်တို့ မောင်နှမ ငါးဦးရှိပေမယ့် မိဘတွေရဲ့ မွေးနေ့ပွဲကို မောင်နှမတွေ စုံစုံညီညီနဲ့ လုပ်နိုင်ခွင့်မရခဲ့ပါဘူး။ ဒီနေ့မှာ အဝေးကိုရောက်နေတဲ့ ကျွန်တော့်ရဲ့ အစ်ကိုကိုတော့ ကျွန်တော်တို့ မောင်နှမတွေ အထူးတလည် သတိရ နေကြပါတယ်။ ဝိုင်းဝန်းလုပ်ကိုင် ပေးကြတဲ့ နယ်ခံစာပေမိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်း အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
တင်မောင်(မန်းကိုယ်ပွား)
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment