Sunday, November 29, 2015

နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း)ရေးဆွဲရေးကော်မတီ ဒုတိယနေ့အစည်းအဝေး ဆက်လက်ကျင်းပ



The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၂၈

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ ဒုတိယနေ့အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC) တွင် ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော် အစိုးရအစုအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံရေးဆွေးနွေးပွဲကို အခြေခံကောင်းများနှင့် စတင်နိုင်အောင် မိမိတို့ဆောင်ရွက် မည်ဆိုသည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီအစုအဖွဲ့များအား ပြောကြားလိုကြောင်း၊ ဇန်နဝါရီ တတိယပတ်ခန့်တွင် လွှတ်တော်အသစ်ပြန်စနိုင်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအားလုံးကို အစိုးရသစ်သို့ ဆက်လက်လုပ်ကိုင်နိုင်ရန် လွှဲပေးရမည်ဖြစ်ကြောင်း၊ NCA စာချုပ်ကို မလွန်ဆန်သည့်ကိစ္စမှန်သမျှ မိမိတို့ က သဘောတူပေးမည်ဖြစ်ပြီး အစည်းအဝေး ပထမနေ့တွင် ခေါင်းစဉ် ၁ဝ ခု သတ်မှတ်ခဲ့ပြီး အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့ကြသည့် အစုအဖွဲ့အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့မှ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)၏ အထူး အကြံပေး စိုင်းခွန်မိန်းနှင့် နိုင်ငံရေး ပါတီများအစုအဖွဲ့မှ ဦးစိုင်းကျော်ညွန့်တို့က အမှာစကား ပြောကြားကြသည်။

ဒုတိယနေ့အစည်းအဝေး၌ မူကြမ်းတွင် ပါဝင်ရမည့်အခြေခံအချက် (၁ဝ) ချက်၊ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်း စဉ်တွင်ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ရမည့် လူဦးရေဆွေးနွေးရမည့် အကြောင်း အရာ၊ ဆုံးဖြတ်ချက်ရယူရမည့်ပုံစံနှင့် ဆွေးနွေးပွဲကို စီမံခန့်ခွဲမည့်ပုံစံ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC) မှ ဦးအောင်နိုင်ဦးက ''နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဆိုတာရှိပါတယ်။ ညီလာခံကျင်းပရင် ပါဝင်ရမယ့် လူဦးရေကိုဆွေးနွေးတယ်။ ၅ဝဝ ပါဝင်မလား။ ၁ဝဝဝ ပါဝင်ရ မလားပေါ့။ ဆုံးဖြတ်ချက်တော့ မချမှတ်ရသေးပါဘူး''ဟု ဆွေးနွေးပွဲ အပြီးတွင် ပြောကြားသည်။

လက်ရှိပြုလုပ်နေသည့် ဆွေးနွေးပွဲ သည် မူကြမ်းရေးဆွဲရာတွင် ပါဝင်ရမည့် အကြောင်းအရာများကို မူဘောင် (Frame) ချမှတ်နိုင်ရန် ဆွေးနွေးကြခြင်းဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်တွင် (၁) နိဒါန်း၊ (၂) ရည်ရွယ်ချက်၊ (၃) အခြေခံမူများ၊ (၄) နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ၊ (၅)နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်စုဖွဲ့မှု၊ (၆) နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများ၊ (၇) နိုင်ငံ ရေးဆွေးနွေးပွဲများတွင် သဘောတူ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ (၈) နိုင်ငံရေး ဆွေးနွေးပွဲများကို စီမံခန့်ခွဲခြင်း၊ (၉) ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုအတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် များနှင့် (၁ဝ) အထွေထွေ စသည့် အခန်းများ ပါဝင်သည်။

တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ''ဆွေးနွေးညှိနှိုင်း ဖို့အတွက် သဘောထားတွေရရှိပြီးရင် အစုအဖွဲ့တစ်ခုနဲ့ မူကြမ်းရေးဆွဲဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း)ရေးဆွဲရေးအတွက် ကော်မတီဝင်များထံမှ အမြင်သဘောထားများဖြင့် ဆွေးနွေးညှိနှိုင်း လျက်ရှိပြီး ရရှိမှုများကို UPDJC ၏ ၄၈ ဦးကော်မတီထံ တင်ပြသွားမည် ဖြစ်ကြောင်း၊ ယင်းနောက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သို့ တင်သွင်း အတည်ပြုမည်ဖြစ်ကြောင်း ရဲဘော်မျိုးဝင်းထံမှ သိရသည်။

ယခင် အလွတ်သဘော ကြိုတင် ရေးဆွဲထားသည့် နိုင်ငံရေးမူဘောင် များနှင့်စပ်လျဉ်းပြီး ''ရှိပြီးသား ကိုယ့်ရဲ့မူဘောင်ကိုပဲ ဖက်တွယ် မထားဘဲနဲ့ မူဘောင်အားလုံးဟာ ကိုးကားရမယ့် မူဘောင်အဖြစ် သတ်မှတ်မယ်ဆိုတဲ့ပုံစံနဲ့ မူဘောင်အားလုံးကို ကိုးကားရမှာပါ''ဟု နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းကျော်ညွန့်က ပြောသည်။

ယနေ့ အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေး မှု ပူးတွဲကော်မတီ (UPDJC)တွင် ပါဝင်သည့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစု အဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ တို့မှ သက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ကြသည်။

နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင် (မူကြမ်း) တတိယနေ့ အစည်းအဝေးကို နိုဝင်ဘာ ၃ဝ ရက် (တနင်္လာနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲသည် လေးရက်ခန့်ကြာမြင့် နိုင်ကြောင်း MPC မှ သိရသည်။
(သတင်း- ရဲခေါင်ညွန့်၊မြတ်သန္တာမောင်၊ ဓာတ်ပုံ… ဖိုးထောင်)

No comments:

Post a Comment