Monday, November 2, 2015

လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝိန်းကောင်ကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်သို့ အက်စ်အက်စ်အေ(ဝမ်ဟိုင်း)အဖွဲ့က ထပ်မံလာရောက်တိုက်ခိုက်




The Mirror Daily's photo.


နေပြည်တော် နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝိန်းကောင်ကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့ အင်အား ၂ဝဝ ခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီတွင် တစ်ကြိမ်၊ ည ၈ နာရီခွဲတွင် တစ်ကြိမ်၊ ည ၁၂ နာရီခွဲတွင် တစ်ကြိမ် ပေါင်း သုံးကြိမ်နှင့် အောက်တိုဘာ ၃ဝ ရက် နံနက် ၄ နာရီ ၂ဝ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၅ နာရီတွင် တစ်ကြိမ် ပေါင်း နှစ်ကြိမ် စုစုပေါင်း ငါးကြိမ် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် အိမ်ထောင်သည် ရဲမေမိသားစုများက ရွပ်ရွပ်ချွံချွံပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သူများအနေဖြင့် နံနက် ၇ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည့်အပြင် အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

အက်စ်အက်စ်အေ(ဝမ်ဟိုင်း)အဖွဲ့အနေဖြင့် အဆိုပါတပ်ရင်းဌာနချုပ်အား အောက်တိုဘာ ၁၆ ရက်၊ ၁၈ ရက်နှင့် ၂၆ ရက်တို့တွင်လည်းကောင်း၊ မိုင်းရှူးမြို့နယ် မိုင်းစံကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်အား အောက်တိုဘာ ၂၄ ရက်နှင့်၂၈ ရက်တို့တွင် လည်းကောင်း လက်နက်ကြီး/လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

အက်စ်အက်စ်အေ(ဝမ်ဟိုင်း)အဖွဲ့သည် သတ်မှတ်နေရာအားကျော်လွန်၍ နယ်မြေချဲ့ထွင်ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် တပ်ရင်းဌာနချုပ်များကိုလည်း အကြိမ်ကြိမ် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လာခြင်းကြောင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခဲ့ရာ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းနှင့် စစ်ရေးအရ ဆောင်ရွက်သင့်သည်များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment