Monday, November 2, 2015

ရွေးကောက်ပွဲမဲပေးရာ၌ တံဆိပ်တုံးထုရာတွင် ပယ်မဲမဖြစ်စေရေး ရပ်/ကျေးရှိလေ့လာစောင့်ကြည့်ရေးအဖွဲ့က အသိပညာပေးသင်ကြားပြသနေ



The Mirror Daily's photo.
ရွှေဘို နိုဝင်ဘာ ၁
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲကြီးကျင်းပရန် ၇ ရက်သာလိုတော့သည်။ အထွေထွေရွေးကောက်ပွဲကြီး၌ တရားမျှတပြီး လွတ်လပ်သော မဲပေးမှုဖြစ်ပေါ်စေရန်အတွက် ရပ်/ ကျေးရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ဖြစ်သော ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့က ရွေးကောက်ပွဲ မဲပေးရာမှာ တံဆိပ်တုံးထုရာတွင် ပယ်မဲမဖြစ်စေရန် အသိပညာပေး သင်ကြား ပြသနေကြကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့် ရေးအဖွဲ့ တာဝန်ရှိသူ ဦးညွန့်ဝင်းထံမှ သိရသည်။

အဆိုပါရွေးကောက်ပွဲ မဲပေးရာ၌ တံဆိပ်တုံးထုရာတွင် ပယ်မဲမဖြစ်စေရန် အသိပညာပေးသင်ကြားပြသနေမှုကို စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကန်သစ်ကျေးရွာတွင် နိုဝင်ဘာ ၁ ရက်မှစ၍ ရပ်/ကျေးရှိ ရွေးကောက်ပွဲလေ့လာစောင့်ကြည့် ရေးအဖွဲ့က တစ်အိမ်တက်ဆင်းပြီး ပယ်မဲမဖြစ်စေရန် ဆောင်ရန် ရှောင်ရန်များ အသိပညာပေး သင်ကြားပြသ နေကြကြောင်း၊ တံဆိပ်တုံးထုရာတွင် ပယ်မဲမဖြစ်စေရေးအတွက် ဆောင်ရန်မှာ မဲရုံသို့ မဲသွားပေးသည့် အခါ မဲဆန္ဒရှင်၏ နိုင်ငံသားစိစစ်ရေးကတ် ယူဆောင်သွားရန်၊ မိမိမဲဆန္ဒပေးမည့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသား လူမျိုးစု စသည့် ကိုယ်စားလှယ်လောင်းများ၏ နာမည်နှင့် တစ်တန်းတည်း ဖြစ်သော တံဆိပ်အမှတ်အသားဘေးရှိ ကွက်လပ်၌ ပေးထားသည့် တံဆိပ်တုံး ထုပုံထုနည်းကို လည်းကောင်း၊ ရှောင်ရန်ဖြစ်သော မဲရုံမှူးလက်မှတ် ပါ/မပါ၊ မဲလက်မှတ် အစုတ်အပြဲ အပေါက် ပါ/မပါ၊ မင်စွန်း အရောင် ကွက်/ပျက်မှု ရှိ/မရှိ၊ တံဆိပ်တုံးထုပြီး ခဏအကြာ၌ မဲပြားခေါက်ရန်၊ အဆင် မပြေ လိုအပ်မှုရှိပါက မဲရုံတာဝန်ရှိသူများအား မေးမြန်းတောင်းဆိုရန်၊ ဖြစ်နိုင်ပါက နံနက် ၆ နာရီ မတိုင်ခင် မဲရုံသို့သွားပြီး စီတန်းနေရာယူထားရန်၊ အကယ်၍ မိမိမဲမပေးရသေးလျှင်လည်း ညနေ ၄ နာရီမထိုးမီ မဲရုံပရဝဏ် အတွင်းသို့ ရောက်အောင်သွားရန်၊ မဲပေးရာတွင် ပိုမိုလွယ်ကူလျင်မြန် စေရန်အတွက် မဲပေးပိုင်ခွင့်ရှိကြောင်း သက်သေခံစာရွက်ကို ကော်မရှင်ထံမှ ကြိုတင်ထုတ်ယူထားရန် လိုအပ်ပုံတို့ကို အသိပညာပေးဆွေးနွေးကြကြောင်း သိရသည်။

ယင်းကျေးရွာရှိ မဲဆန္ဒရှင် အိမ်ရှင်မ တစ်ဦးက ''ကျွန်မတို့မှာ မဲပေးပုံ ပေးနည်းနဲ့ပတ်သက်လို့ အရင်ကဘာဆိုဘာမှ မသိပါဘူး။ အခုလို ပညာပေးဆွေးနွေးခွင့်ရလို့ ပယ်မဲ မဖြစ်အောင် မဲပေးတတ်သွားပါတယ်။ မဲပေးပုံပေးနည်းမသိဘဲနဲ့ သွားပြီး မဲပေးခဲ့မယ်ဆိုရင် ပယ်မဲဖြစ်သွားမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်တွေက မဲပေးပုံပေးနည်းတွေကို ကြိုတင်လေ့လာထားသင့်ပါ တယ်''ဟု ပြောသည်။
(ရောင်နီတင်ဝင်း)

No comments:

Post a Comment