Sunday, November 29, 2015

တစ်နှစ်ပတ်လုံးတွင်တွင်ကျယ်ကျယ်လုပ်ကိုင်ကာ ဒေသခံများ အပိုဝင်ငွေကောင်းလျက်ရှိသည့် ဝန်းသိုမြို့နယ်က ဝါးနှီးခမောက်ရက်လုပ်ငန်း



The Mirror Daily's photo.


ဝန်းသို နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကင်းမြင်သာအုပ်စု ခပ်ချိုကျေးရွာတွင် ဒေသခံတောင်သူများ နေပူမိုးရွာ ခေါင်းဆောင်း အကာအကွယ်အဖြစ် အသုံးပြုသော ဝါးနှီးခမောက်များ ရက်လုပ်သည့်လုပ်ငန်းကို တစ်နှစ်ပတ်လုံး တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြကြောင်း သိရသည်။

ခပ်ချိုကျေးရွာတွင် ဝါးနှီးခမောက် ရက်သောလုပ်ငန်းသည် ရှေးယခင်က ပင်လုပ်ကိုင်ခဲ့သည်ဟု သိရပြီး ခမောက်ရက်ရာတွင် ဝါးကို ခွဲခြမ်းစိတ်ဖြာ၍ ပြန်လည် ရက်လုပ်ပုံဖော်ခြင်းဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ခမောက်မှာ ပုံစံကျပြီး ပို၍အသုံးခံသောကြောင့် လူကြိုက်များကြောင်း သိရသည်။

ဦးစွာ ခမောက်များကိုပုံစံကျအောင် အကြမ်းပြင်ခြင်း၊ စိတ်ပြီးသပ်ပြီး ဖြစ်သော နှီးဖြင့်စ၍ဗွေလှည့်ခြင်း၊ ခွေတံတင်ခြင်း၊ ပတ်ပင်ထည့်ခြင်း၊ အနားသတ်ခြင်း စသည်တို့ အဆင့်ဆင့်လုပ်ဆောင်ရသည်။

ခမောက်အပေါ်တွင် ပန်းအလှများ ပန်းချီရေးဆွဲထားသည့် ခမောက် အပြန့်အလှဆောင်းတစ်လုံးလျှင် ငွေကျပ် ၉ဝဝ၊ ခမောက်အကြမ်း တစ်လုံးလျှင် ငွေကျပ် ၅ဝဝ တို့ဖြင့်ရောင်းချကြသည်။ ခမောက် ရက်လုပ်ရန်အတွက် အခြားလိုအပ် သော နှီး၊အပ်ချည်ကြိုး၊ ပလတ်စတစ်များ၏ ကုန်ကျစရိတ်ရှိကြောင်းလည်း သိရသည်။

ခပ်ချိုကျေးရွာမှ ရက်လုပ်သော ခမောက်များမှာ မိုးလုံ၊ရေလုံအောင်ပလတ်စတစ်များခံကာ နှစ်ထပ်ချုပ်ထားသဖြင့် ကြာရှည်အသုံးခံ ခြင်းကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးရှိ ခမောက်ရောင်းဝယ် ရေးဆိုင်များသို့ ထုပ်ပိုးကာ ရထားဖြင့် ပို့ဆောင်ပေးရကြောင်း၊ တစ်နှစ်ပတ်လုံးတွင် မိုးစပါးစိုက်ပျိုး ချိန်နှင့် ရိတ်သိမ်းချိန်တွင် ခဏတာ ရပ်နားကြပြီး အားလပ်သောအချိန်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သောလုပ်ငန်းဖြစ်ခြင်းကြောင့် အပိုဝင်ငွေရှိသော လုပ်ငန်းတစ်ရပ် ဖြစ်သည်။
(စိုင်းလူမင်း)

No comments:

Post a Comment