Sunday, November 29, 2015

29.11.2015...ကြေးမုံ စာတည်းရှုထောင့်




သဘာဝဘေးကိုအစဉ်သတိပြု


သဘာဝဘေးများကို ကမ္ဘာ့နိုင်ငံအများကြုံတွေ့ကြရသည်။ မြန်မာနိုင်ငံတွင် ယခုနှစ်အဖို့ ယခင်နှစ်များနှင့်မတူ သဘာဝဘေးကိုခါးစည်းခံစားခဲ့ရသည်။ ရေကြီးမှုကြောင့် လူသေဆုံးမှုထက် မြေပြိုမှုကြောင့် လူသေဆုံးမှုက ပိုများခဲ့သည်။ ရေဘေး၊ လေဘေး၊ မီးဘေး၊ မြေဘေးဟူ၍ အဓိက သဘာဝဘေးလေးမျိုးတို့သည် ပါဠိအလိုအရ ပထဝီ၊ တေဇော၊ အာဘော၊ ဝါယော ဟူသောဓာတ်ကြီးလေးပါး ဖောက်ပြန်ပျက်စီးခြင်းပင်ဖြစ်သည်။
ဓာတ်ကြီးလေးပါးသည် ရုပ်ဝတ္ထုတည်မြဲခြင်းအတွက် အရေးကြီး သောဓာတ်သဘောများဖြစ်သည်။ ဤကမ္ဘာမြေကြီးသည် ပထဝီဓာတ်ဖြစ်သည်။ ပထဝီဓာတ်တည်မြဲရန်အတွက် ကျန် ရေ၊ လေ၊ မီး ညီမျှအောင်ထောက် ကန်ထားရသည်။ ဓာတ်တစ်မျိုးမျိုးဖောက်ပြန်သည်နှင့် ရုပ်ဝတ္ထုတို့ပြိုကွဲ ပျက်စီးရသည်။ သဘာဝနိယာမတရားအရ အရာအားလုံးသည် မမြဲသောသဘောရှိသည်။ ဖြစ်တည်ခြင်း၊ ဖောက်ပြန်ခြင်း၊ ပျက်စီးခြင်းတို့သည် အချိန်နှင့်အတူ သူ့သဘောသူဆောင်နေသည်။ မည်သူမျှတားဆီးမရ၊ ကာကွယ်မရသော သဘောဖြစ်သည်။
သို့သော် မဖြစ်ခင်ကတည်းက ဖြစ်လာလျှင်မည်သို့ရင်ဆိုင်မည်၊ မည်သို့အနည်းဆုံးသက်သာအောင် ဆောင်ရွက်မည်တို့ကို ပြင်ဆင်ထားသင့်သည်။ အချို့ကိစ္စများတွင် ကြိုတင်ပြင်ဆင်ထားနိုင်သော်လည်း အချို့ကိစ္စများတွင် ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်း၊ ကြိုတင်မပြင်ဆင်လိုက်ရခြင်းတို့ကြောင့် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်သင့်ဘဲဖြစ်ခဲ့ရသည့်အဖြစ်များကို မြင်တွေ့ရသည်။
သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုတွင် ဂျပန်နိုင်ငံသည် စံနမူနာ ယူဖွယ်အကောင်းဆုံးပြင်ဆင်ထားနိုင်သည့်နိုင်ငံဖြစ်သည်။ ထိုနိုင်ငံတွင် မုန်တိုင်းဘေး၊ ဆူနာမီကဲ့သို့ရေဘေး၊ ငလျင်ဘေးများကို မကြာခဏ ကြုံတွေ့ကြ ရသည်။ အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီကြီး၊ ငလျင်ကြီးကျရောက်ခဲ့စဉ်ကာလအတွင်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း လူအသေအပျောက် အလွန်နည်းခဲ့သည်မှာ စနစ်တကျ ကြိုတင်ပြင်ဆင်ထားသောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံတွင် သဘာဝဘေးကို အဆိုးရွားဆုံးခံစားခဲ့ရသည့်ဖြစ်စဉ် မှာ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်ဖြစ်သည်။ ပြည်သူလူထု တစ်သိန်းကျော်သေဆုံးခဲ့ရသောဖြစ်စဉ်မှာ မြန်မာနိုင်ငံ၏သဘာဝဘေးသမိုင်းတွင် အမြင့်မားဆုံးဖြစ်သည်။ အမှန်တွင် နာဂစ်မုန်တိုင်းကြောင့် ဤမျှသေဆုံးမှု မဖြစ်သင့်ချေ။ မုန်တိုင်းမဖြစ်လာမီ အကြိုအနေအထားများကတည်းက မုန်တိုင်းကြီးဖြစ်လာနိုင်ကြောင်း မိုးလေဝသဌာနမှ ကြိုတင်အသိပေးထားသည်။
၂ဝဝ၈ ခုနှစ် ဧပြီ ၂၇ရက်တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေကြောင်း မိုးလေဝသဌာနမှ အသိပေးခဲ့သော်လည်း အမှုမဲ့အမှတ်မဲ့နေခဲ့ကြသည်။ ဧပြီ ၂၈ ရက်တွင် နာဂစ် မုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး ဧပြီ ၂၉ ရက်၊ ၃ဝ ရက်တို့တွင် မြန်မာနိုင်ငံသို့ မဝင်ရောက်နိုင်ကြောင်းနှင့် ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်းကို သတိပြုရန်လိုကြောင်း အသိပေးခဲ့သည်။ သို့သော် မေ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဦးတည်လာကြောင်းသိရသည်။ မြန်မာနိုင်ငံသို့ နောက် ၂၄ နာရီအတွင်း ဝင်ရောက်မည်ဖြစ်ကြောင်း ယင်းနေ့ညနေ ၆ နာရီတွင် မိုးလေဝသဌာနမှ အတိအလင်းပြောကြားခဲ့သည်။
မုန်တိုင်းအချင်းဝက် မိုင် ၁ဝဝ ကျော်၊ လေတိုက်နှုန်း မိုင် ၁ဝဝ ကျော် ရှိသော နာဂစ်မုန်တိုင်းကြီးသည် အင်အားကြီးမားလှသည်။ မေ ၁ ရက်နှင့် ညဦးပိုင်းအထိ ဧရာဝတီနှင့်ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြည်သူများ အမှုမဲ့ အမှတ်မဲ့နေခဲ့ကြသည်။ တာဝန်ရှိသူများကလည်း မည်သည့်အရာမှ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းမရှိချေ။ အချိန်ကာလအားဖြင့် တစ်ရက်တာမျှ အချိန်ရသော်လည်း ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့သဖြင့် လူအသေ အပျောက်များပြားခဲ့ခြင်းဖြစ်သည်။
ယင်းသည် မြန်မာနိုင်ငံအတွက် သင်ခန်းစာယူစရာဖြစ်သည်။ အတွေ့ အကြုံမရှိသောကြောင့်ဟု ဆင်ခြေပေးနိုင်သော်လည်း မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအတွက် သဘာဝဘေးနှင့်ပတ်သက်၍ အတွေ့အကြုံများများစွာ ရရှိခဲ့ပြီဖြစ်သည်။ ယခုအခါ သဘာဝဘေးအစီအမံများလည်း ရေးဆွဲထားပြီး ဖြစ်သည်။ မည်သည့်သဘာဝဘေးမဆို မဖြစ်ခင်က ကြိုတင်ကာကွယ် ပြင်ဆင်ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ။

No comments:

Post a Comment