Tuesday, November 3, 2015

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ပလေ့လာရေးအဖွဲ့များနှင့် ရွေးကောက်ပွဲရလဒ်သတင်းများ ထုတ်ပြန်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ



The Mirror Daily's photo.


နေပြည်တော် နိုဝင်ဘာ ၂

အာဆီယံနိုင်ငံများ၊ အခြားမိတ်ဆွေနိုင်ငံများမှ ရွေးကောက်ပွဲကော်မရှင်များနှင့် အဖွဲ့အစည်းများ၏ လေ့လာရေးခရီးစဉ်နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အာဆီယံနိုင်ငံများမှ ရွေးကောက်ပွဲ ကျင်းပမှုများကို လေ့လာရန် ဖိတ်ကြားခဲ့၍ သွားရောက်လေ့လာခဲ့ပါကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲကိုလည်း အာဆီယံနိုင်ငံများ၏ ရွေးကောက်ပွဲကော်မရှင်များကို လာရောက်လေ့လာရန် ဖိတ်ကြားထားပါကြောင်း၊ လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲအဖြစ် မှတ်ကျောက် တင်ခံနိုင်ရေးအတွက် ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များနှင့် နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများအား စောင့်ကြည့်လေ့လာစေမှာ ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အာဆီယံနိုင်ငံများ၏ ရွေးကောက်ပွဲများ သွားရောက်လေ့လာရာတွင် ဧည့်ဝတ်ကျေပွန်သကဲ့သို့ မိမိနိုင်ငံ ရွေးကောက်ပွဲသို့ လာရောက်လေ့လာ ချိန်တွင်လည်း ဧည့်ဝတ်ကျေပွန်စေ ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းဦးက အာဆီယံနိုင်ငံများနှင့် အခြားမိတ်ဆွေနိုင်ငံများအား ဖိတ်ကြားထားမှု၊ နိုင်ငံအလိုက်လာရောက်မည့် အရေအတွက်၊ နေ့စဉ်ဆောင်ရွက်မည့် အစီအစဉ်နှင့် လေ့လာရေးခရီးစဉ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စောင့်ကြည့်လေ့လာရေး အဖွဲ့များရောက်ရှိချိန်၊ တည်းခိုနေချိန်နှင့် လေ့လာမည့်နေရာများသို့ သွားရောက်ရာတွင် ဆောင်ရွက်မည့် လုံခြုံရေးအစီအမံများအား လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆက်ဆံရေးအရာရှိ စီစဉ်ထားရှိမှုကို လည်းကောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ လေ့လာရေးအဖွဲ့များအား ဖျော်ဖြေမည့်အစီအစဉ်ကို လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းမှတ်တမ်းရယူရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ခရီးစဉ်များအတွက် ယာဉ်များစီစဉ်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ လေ့လာရေး အဖွဲ့များ တည်းခိုနေထိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် မီဒီယာစင်တာထားရှိမည့် အစီအမံ၊ ရွေးကောက်ပွဲရလဒ်ကြေညာမည့် အစီအစဉ်၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ရလဒ်များထုတ်ပြန် ကြေညာမည့် အစီအစဉ်များကို ရွေးကောက်ပွဲကော်မရှင်၏ မီဒီယာစင်တာနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ သတင်းထုတ်လွှင့်နိုင် ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးရန် မှာကြားသည်။

ယင်းနောက် မီဒီယာစင်တာတွင် တာဝန်ယူဆောင်ရွက်မည့် IFES မှ မီဒီယာစင်တာဆောင်ရွက်မည့် အစီအစဉ်နှင့် လုပ်ငန်းစဉ်များအား Projector ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးပြီး ကမ္ဘာ့နိုင်ငံများကလည်း စိတ်ဝင်စား၍ စောင့်ကြည့်နေကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရေး၊ လာရောက်လေ့လာရန် ဖိတ်ကြားထားသော ကိုယ်စားလှယ်များ အဆင်ပြေစွာ လေ့လာနိုင်ရေးနှင့် ရွေးကောက်ပွဲ ရလဒ်သတင်းများ အချိန်မီထုတ်ပြန် နိုင်ရေးအတွက် တာဝန်ရှိသော ဝန်ကြီးဌာနအသီးသီးနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment