Monday, November 2, 2015

သထုံခရိုင်အတွင်း မဲရုံ ၂၃ ရုံအား စောင့်ကြည့်လေ့လာသူ ၄၅ ဦးအသုံးပြုကာ ဖန်တီးအိမ်အဖွဲ့မှ စောင့်ကြည့်မည်




The Mirror Daily's photo.


သထုံ နိုဝင်ဘာ ၁

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပ သည့်နေ့တွင် မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ မဲရုံ ၂၃ ရုံအား ဖန်တီးအိမ်အဖွဲ့မှ စောင့်ကြည့်လေ့လာသူ ၄၅ ဦး ဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးအတွက် လေ့လာစောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

''သထုံခရိုင်ထဲက မြို့နယ်လေးခုမှာတော့ အားလုံး စောင့်ကြည့်သူ ၄၅ ဦးရှိလို့ မဲရုံတစ်ရုံကို နှစ်ဦးနှုန်းနဲ့ မဲရုံပေါင်း ၂၃ ရုံလောက်ကို စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။မွန်ပြည်နယ်တစ်ခုလုံး ဆိုရင်တော့ မြို့နယ် ခုနစ်မြို့နယ်က မဲရုံ ၃၅ ရုံကို စောင့်ကြည်သူ ၇ဝ အသုံးပြုသွားမှာ ဖြစ်ပါ တယ်''ဟု ဖန်တီးအိမ်အဖွဲ့၏ မွန်ပြည်နယ်တာဝန်ခံ ကိုစိန်ပန်းက ဆိုသည်။

အဆိုပါစောင့်ကြည့်သူများကို အောက်တိုဘာ ၃၁ ရက်က သထုံမြို့ ကျုံးကြီးလမ်းရှိ ကရင်နှစ်ခြင်းအသင်း တော်နှင့် နိုဝင်ဘာ ၁ ရက်တွင် မော်လမြိုင်မြို့ မွန်မြတ်သောအိမ်ထောင်စုတို့တွင် စောင့်ကြည့်လေ့လာရေး သင်တန်းများ ဖွင့်လှစ်ပေးပြီး စောင့်ကြည့်သူတို့၏ ကျင့်ဝတ်၊ အခွင့်အရေး၊ ဝတ္တရားများ၊ လေ့လာရမည့်အရာများ၊ မဲရုံလုပ်ငန်းစဉ်များကို ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

''ကျွန်မတို့အဖွဲ့အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုမှာရှိတဲ့ မဲရုံပေါင်း ၈ဝဝ မှာ လူဦးရေ ၁၆ဝဝ အသုံးပြုပြီး လေ့လာစောင့်ကြည့်သွားမှာဖြစ်ပြီး အဓိက စောင့်ကြည့်မှာကတော့ အမျိုးသမီးတွေ ရွေးကောက်ပွဲမှာ ဘယ်အတိုင်းအတာအထိ ပါဝင်ပတ်သက်နိုင်ပြီလဲဆိုတာကိုပါ။ သမာသမတ်ကျပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အပြုသဘောဆောင် တွန်းအားပေးနိုင်ဖို့ စောင့်ကြည့်လေ့လာခြင်းဖြစ်ပြီး ဘယ်ပါတီ အနိုင်ရသည်ဖြစ်စေ ရွေးကောက်ပွဲ ဖြစ်စဉ်အပေါ်မှာပဲ ရှုမြင်သုံးသပ်သွားမှာဖြစ်ပါတယ်''ဟု ဖန်တီးအိမ်အဖွဲ့မှ သတင်းအချက်အလက် တာဝန်ခံ ဒေါ်လတ်လတ်မြင့်က ပြောသည်။

မွန်ပြည်နယ်တွင် ဖန်တီးအိမ်၊ Alliance For Credible Elections (PACE)၊ အမျိုးသားလူငယ် ကွန်ဂရက်၊ စကားဖြူနှင့် Rain Maker အဖွဲ့တို့သည် ပြည်နယ်ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မွန်ပြည်နယ်တစ်ခုလုံးကို စောင့်ကြည့်မည်ဖြစ်ပြီး ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့သည် ကျိုက်ထိုမြို့နယ်နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်ရုံးတို့သည် လမိုင်းမြို့နယ်တို့တွင် စောင့်ကြည့်မည်ဖြစ်ကာ စောင့်ကြည့်သူဦးရေ စုစုပေါင်း ၃၉၄ ဦး ရှိကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment