Monday, November 2, 2015

၂ဝ၁၅ ခုနှစ် အာရှဘီအမ်အိပ်စ်စက်ဘီးပြိုင်ပွဲကျင်းပ




The Mirror Daily's photo.


နေပြည်တော် နိုဝင်ဘာ ၁

အာရှစက်ဘီးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၅ ခုနှစ် အာရှ BMX စက်ဘီးပြိုင်ပွဲကို ယမန်နေ့နံနက် ၈ နာရီက နေပြည်တော် Mount Pleasant ဟိုတယ်အနီးရှိ BMX စက်ဘီးပြိုင်ကွင်းအတွင်း ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ၊ တရုတ်၊ ဂျပန်၊ ကိုရီး ယား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမောတို့မှ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၆ဝ ပါဝင်ယှဉ်ပြိုင်ကြပြီး နံနက်ပိုင်းတွင် အသက် (၁၉) နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း စံချိန်ပြု လူရွေးပြိုင်ပွဲများ၊ အသက် (၁၉)နှစ်အထက် အမျိုးသား/အမျိုးသမီးတစ်ဦးချင်း စံချိန်ပြု လူရွေးပြိုင်ပွဲများ ကျင်းပသည်။

ဆက်လက်၍အသက် (၁၉)နှစ်အောက် အမျိုးသား/ အမျိုးသမီး အုပ်စုလိုက် စံချိန်ပြု လူရွေးပြိုင်ပွဲများ၊ အသက် (၁၉)နှစ်အထက် အမျိုးသား/အမျိုးသမီး အုပ်စုလိုက် စံချိန်ပြု လူရွေးပြိုင်ပွဲများ ကျင်းပသည်။ မွန်းလွဲပိုင်းတွင် အသက် (၁၉)နှစ်အထက် အမျိုးသား/အမျိုးသမီး ဆီမီး ဖိုင်နယ်ပွဲစဉ်များ၊ အသက် (၁၉)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်များ၊ ဆက်လက်၍ အသက် (၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး ဗိုလ်လုပွဲစဉ်များနှင့် အသက်(၁၉)နှစ်အထက် အမျိုးသား/အမျိုးသမီး ဗိုလ်လုပွဲစဉ်များကို ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲကျင်းပရာ ငွေသားဆုနှင့် အမှတ်တရပစ္စည်းများကို ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အသက် (၁၉)နှစ်အောက် အမျိုးသမီး ပြိုင်ပွဲတစ်လျှောက် တစ်ဦးချင်းစံချိန်ပြု အကောင်းဆုံးဆုများကို ချီးမြှင့်ရာ ပထမဆုရ မြန်မာနိုင်ငံမှ ခိုင်ဇင်မိုး၊ ဒုတိယ ဆုရ ထိုင်းနိုင်ငံမှ KITWANITSATHIAN Chutikan ၊ တတိယဆုရ တရုတ်နိုင်ငံမှ CHAN Yuan Lyu တို့အား မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြတ်သူက လည်းကောင်း၊ အသက် (၁၉)နှစ် အောက် အမျိုးသား ပြိုင်ပွဲတစ်လျှောက် တစ်ဦးချင်း စံချိန်ပြု အကောင်းဆုံးဆု များကို ချီးမြှင့်ရာ ပထမဆုရ ဂျပန်နိုင်ငံမှ DAICHI Yamaguchi ၊ ဒုတိယဆုရ ဂျပန်နိုင်ငံမှ YUTO Hasegawa ၊ တတိယဆုရ ထိုင်းနိုင်ငံမှ KAEWSRI-KHAO Sitthichok တို့အား မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဂျွန်ဆင်းက လည်းကောင်း ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment