Sunday, November 1, 2015

ခရီးသည် ၂၂၄ ဦးလိုက်ပါလာသည့် ရုရှားလေယာဉ်တစ်စင်း ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျ



The Mirror Daily's photo.


မော်စကို အောက်တိုဘာ ၃၁

ခရီးသည် ၂၂၄ ဦး လိုက်ပါစီးနင်းလာသည့် ရုရှားလေယာဉ်တစ်စင်းသည် အောက်တိုဘာ ၃၁ ရက်က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ် အလယ်ပိုင်းတစ်နေရာတွင် ပျက်ကျသွားခဲ့ကြောင်း အီဂျစ်လေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ရုရှားလေကြောင်း ကိုဂယ်လျန် အဗီရာလေကြောင်းလိုင်းမှ အဲဘတ်စ် အေ ၃၂၁ လေယာဉ်သည် ဆိုင်းနိုင်းပင်လယ်နီအပန်းဖြေစခန်း ရှီရန် အယ်-ရှီးခ်မှ ရုရှားနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် စိန့်ပီတာဘက်သို့ ဦးတည်ပျံသန်းနေခဲ့ပြီး ဆိုင်းနိုင်းကျွန်းဆွယ် အလယ်ပိုင်း တောင်တန်းထူထပ်သည့် နေရာတွင် ပျက်ကျသွားခဲ့ကြောင်း လေကြောင်း ပျံသန်းမှုဝန်ကြီးဌာနက ပြောသည်။

လိုက်ပါစီးနင်းသူ အများစုမှာ သေဆုံးနိုင်ဖွယ်ရှိသည်ဟု လေယာဉ် ပျက်ကျသွားခဲ့သည့် နေရာသို့ ရောက်ရှိခဲ့သော လုံခြုံရေးအရာရှိ တစ်ဦးကဆိုသည်။

''လေယာဉ်ပျက်ကျတဲ့နေရာကို ရောက်တော့ ထိုင်ခုံတွေမှာ ခါးပတ်ပတ်ပြီး သေနေတဲ့ ခရီးသည်တွေ အများကြီးကို တွေ့ရတယ်' 'ဟု အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ဆိုသည်။

''လေယာဉ်က မီးလောင်ပြီး ပျက်စီးနေတယ်။ ကျောက်ဆောင်တစ်ခုနဲ့ ဝင်တိုက်ထားပုံရတယ်။ လေယာဉ်ထဲမှာ သေနေတဲ့ ခရီးသည် ၁ဝဝ ကျော်လောက်ကို ဆွဲထုတ်ခဲ့ရတယ်။ လေယာဉ်ထဲမှာ လူတွေရှိနေ သေးတယ်''ဟု ယင်းက ဆက်လက်ပြောသည်။

ဆိုင်းနိုင်းကျွန်းဆွယ် ဒေသသည် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအတွက် စစ်သွေးကြွများ၏ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် နေရာလည်းဖြစ်သည်။ ယင်းဒေသတွင် အီဂျစ်စစ်သားများနှင့် လုံခြုံရေးအရာရှိ ရာပေါင်းများစွာ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ယခင်လများက အစပြုပြီး စစ်သွေးကြွများက ယင်းဒေသသို့ရောက်ရှိလာသည့် အနောက်နိုင်ငံသားများကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရသည်။

စက်တင်ဘာ ၃ဝ ရက်မှစပြီး ရုရှားအစိုးရက ဆီးရီးယားနိုင်ငံအတွင်းရှိ အစိုးရဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်ရေး ဆင်နွှဲခဲ့သည်။

လေယာဉ် ပျက်ကျရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေညာရန် အချိန်စောလွန်း နေသေးကြောင်း လေကြောင်းပျံသန်းမှုဝန်ကြီး မိုဟာမက် ဟိုဆန်ကီမယ်လ်က အစိုးရထုတ်ပြန် ချက်တစ်ရပ်တွင် ပြောကြားထားသည်။

လေယာဉ်တွင် လက်နက်ဖြင့် ပစ်ခတ်ထားသည့်နေရာ မည်သည့် နေရာမှ မတွေ့ရှိရကြောင်း အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်ရှိနေကြသည့် လုံခြုံရေးအရာရှိများက ဆိုသည်။
ရိုက်တာ။

No comments:

Post a Comment