Saturday, November 28, 2015

ရိုးရာမပျက် မီးမျှောပူဇော်ပွဲတော် မဒေါက်မြို့၌ ဆင်နွှဲ



The Mirror Daily's photo.
ညောင်လေးပင် နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက် မြို့ တန်ဆောင်တိုင်မီးမျှောပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ပြီး မဒေါက်မြို့ စစ်တောင်းမြစ်ကမ်းနံဘေး ဗဟိုမဏ္ဍပ်၌ ညောင်လေးပင်မြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ရွှေကျင်တပ်နယ်မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ယခုနှစ် မီးမျှောပွဲတော်၌ ဖိတ်ခေါ်ဘော်လီဘော ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ၊ ချောတိုင်တက် ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ခြင်းအလှခတ်အားကစားပွဲများ ထည့်သွင်းကျင်းပခဲ့သည့်အပြင် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် ရှင်ဥပဂုတ္တမထေရ်မြတ်အား စစ်တောင်းမြစ်အတွင်း လှည့်လည်အပူဇော်ခံမည့် အစီအစဉ်များ မကျင်းပမီ မွန်းလွဲ ၁ နာရီခွဲကျော်ခန့်က စတင်ကာ စစ်တောင်း မြစ်အတွင်း၌ ယိမ်းအဖွဲ့ ၁၂ ဖွဲ့က ယိမ်းအကများပါဝင် ဖျော်ဖြေယှဉ်ပြိုင်မှုများဖြင့်လည်း ကျင်းပနိုင်ခဲ့သည်။
ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားပွဲများတွင် ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ယိမ်းအကအဖွဲ့ ယှဉ်ပြိုင်မှုများထဲမှ ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့များကိုလည်း တာဝန်ရှိသူများနှင့် ပွဲတော်ကျင်းပရေးကော်မတီများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အပြင် ပွဲတော်၏နောက်ဆုံးနေ့ ကျင်းပသည့် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းမှ ညနေပိုင်းထိ ထမင်းစတု ဒိသာကျွေးမွေးခဲ့ရာ မြို့ပေါ်နေပြည်သူများ၊ အနီးဝန်းကျင် ဒေသနေပြည်သူများ လာရောက်ကြ၍ တပျော်တပါး စားသုံးကြသည်။ ထို့နောက် ညနေ ၆ နာရီတွင် ရှင်ဥပဂုတ္တ မထေရ်မြတ်အား ရောင်စုံမီးကြာခွက်များဖြင့် မီးမျှောပူဇော်ရာ ဒေသခံပြည်သူများ၊ ပွဲတော်လာ ပရိသတ်များ တပျော်တပါး မီးမျှောပူဇော်ကြပြီး ည ၈ နာရီတွင် မီး မျှောပူဇော်ပွဲ ကျင်းပပြီးစီးခဲ့သည်။

အဆိုပါ မဒေါက်မြို့၏ ကျက်သရေဆောင် တန်ဆောင်တိုင်မီးမျှောပူဇော်ပွဲကြီးကို ကောဇာသက္ကရာဇ် ၁၃၃၄ ခုနှစ်မှစပြီး ကျင်းပလာခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း (၄၃) နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
(ပိန်းဇလုပ်သိန်းညွန့်)

No comments:

Post a Comment