Monday, November 2, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
လူသားမျိုးနွယ်အစ


ကမ္ဘာပေါ်တွင် လူသားများ မည်သည့်ဒေသတွင် စတင် နေထိုင်ခဲ့သည်ကို ပညာရှင်များ၊ သုတေသနသိပ္ပံပညာရှင်များက စူးစမ်းရှာဖွေနေကြဆဲဖြစ်ပါသည်။ ဤသို့ လူသားမျိုးနွယ်အစကို စူးစမ်းလေ့လာကြရာတွင် အဓိကအားဖြင့် ကျောက်ဖြစ်ရုပ်ကြွင်း များကို အခြေခံလေ့ရှိပါသည်။   ကျောက်ဖြစ်ရုပ်ကြွင်းများ၏ သက်တမ်းကို တွက်ချက်နိုင်ခြင်းဖြင့်  လူသားမျိုးနွယ်စုအစကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကတည်းက မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်များ၊ ရှေးဟောင်း သုတေသနပညာရှင်များနှင့် ဂျပန်ပညာရှင်များ ပူးပေါင်းကာ လူသားမျိုးနွယ်အစကို ကွင်းဆင်းရှာဖွေစူးစမ်းခဲ့ကြပါသည်။ လူသားမျိုးနွယ်အစ၏ အထောက်အထားတစ်ရပ်အဖြစ် ပုံတောင် ဒေသတွင် လူတူပရိုင်းမိတ်ကိုတွေ့ရှိထားပြီ  ဖြစ်ပါသည်။ ပုံတောင်ဒေသတွင် တွေ့ရှိခဲ့သော လူတူပရိုင်းမိတ်မှာ ပညာရှင် တို့၏ တွက်ချက်မှုအရ သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၄ဝ ရှိပြီဖြစ်ပါသည်။ ဆိုလိုသည်မှာ  မြန်မာနိုင်ငံဖြစ်လာမည့် ပုံတောင်ဒေသတွင် လွန်ခဲ့သော နှစ်သန်းပေါင်း ၄ဝ ခန့်က လူသားများနေထိုင်ခဲ့သည့်   ခိုင်မာသောအထောက်အထား တစ်ရပ်ဖြစ်ပါသည်။ ဤကွင်းဆင်းလေ့လာသုတေသနပြုချက် များအရ မြန်မာနိုင်ငံတွင် ပရိုင်းမိတ်ပညာရှင်များက ဆက်လက်၍ သုတေသနပြုလုပ်ခဲ့ကြပါသည်။  သုတေသနတို့၏ ဆက်လက် ရှာဖွေသုတေသနပြုချက်များအရ ယခုအခါ မြန်မာနိုင်ငံတွင် လူတူ ပရိုင်းမိတ်သာမက  ပရိုင်းမိတ်မျိုးနွယ်စု  ၁ဝ မျိုးအထိ ရှိလာပြီဖြစ်ကြောင်း သိရပါသည်။
ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် Primate Research In-stitute မှ ပရိုင်းမိတ်ပညာရှင်များဖြစ်ကြသည့်  ပါမောက္ခ ဒေါက်တာ Masanaru Takai   နှင့် ပါမောက္ခဒေါက်တာKen Hirayama  တို့ ဦးဆောင်သော ပရိုင်းမိတ်ပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံတွင်  လွန်ခဲ့သော ၁၈ နှစ်ကတည်းက ပရိုင်းမိတ် ရှာဖွေသုတေသနပြုမှုများဆောင်ရွက်ခဲ့ရာ ယခုအခါ လူတူ ပရိုင်းမိတ်အပြင် အခြားမျိုးနွယ်စုပရိုင်းမိတ်များကို  ရှာဖွေ တွေ့ရှိထားပြီဖြစ်ပါသည်။ လူသားမျိုးနွယ်စုနှင့် ဆက်စပ်နေသည့် ပရိုင်းမိတ်များ တွေ့ရှိထားရာ မော်တော်ကားအရွယ်အစားတမျှ ကြီးမားသော ကမ္ဘာ့အကြီးဆုံး  လိပ်ကျောက်ဖြစ်ရုပ်ကြွင်းကို လည်း မြန်မာနိုင်ငံတွင်  တွေ့ရှိထားပြီဖြစ်ကြောင်း   သိရပါ သည်။ ဆက်လက်၍လည်း မြန်မာနိုင်ငံတွင်   ကျောက်ဖြစ် ရုပ်ကြွင်းများ ထပ်မံတွေ့ရှိရန် ပညာရှင်များက မျှော်လင့်ထားပါ သည်။
သို့ရာတွင် မြန်မာနိုင်ငံ၌တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်း များနှင့် အာဖရိက၌တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ဆက်စပ်သုတေသနပြုလုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ထပ်မံတွေ့ရှိရသော ပရိုင်းမိတ်များအရ ပုံတောင်ဒေသသည် ကမ္ဘာ့လူသားမျိုးနွယ်အစ အခြေပြုပေါ်ထွန်းရာဒေသတစ်ခုဖြစ်လာ နိုင်ပါသည်။ ပုံတောင်ကျောက်ထုလွှာသည် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာဒေသဖြစ်သကဲ့သို့ ကမ္ဘာ့လူသားအားလုံးအတွက်၊ လူသားဖြစ်တည်မှုအတွက် အရေးပါသောဒေသတစ်ခုဖြစ်လာ မည်ဖြစ်ပါကြောင်း။    ။

No comments:

Post a Comment