Sunday, November 1, 2015

အသည်းကြားက မဲတစ်ပြား



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

မြန်မာ့သမိုင်းတွင် လွတ်လပ်၍ တရားမျှတသော ရွေး ကောက်ပွဲကြီးအဖြစ် မှတ်ကျောက်တင်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပိုင်းသာ လိုတော့ သည်။ ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများ အကောင်းဆုံးမဲပေးနိုင်ရန် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်မှုများ အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်ပြီး ပြင်ဆင်ထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။

မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေး နိုင်ရန် မဲဆန္ဒရှင်ပြည်သူများ၏ အခြေခံမဲစာရင်းများကို တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်ကြိမ်တိုင်တိုင် ထုတ်ပြန်ပေးခြင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအကူများကို စနစ်တကျသင်တန်းများ ပေးခြင်း၊ မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်း စသည်တို့သည် ရွေးကောက်ပွဲကြီးကို တရား မျှတမှုနှင့် လွတ်လပ်မှုအပြည့်အဝရှိသော ရွေးကောက်ပွဲကြီးအဖြစ် ကျင်းပသွားရန် ကြိုတင်စီစဉ်မှုများပင်ဖြစ်ပါသည်။
ယခုရွေးကောက်ပွဲကြီးတွင် နိုင်ငံ၏ လူဦးရေ ၅၁ သန်း ကျော်ရှိသည့်အနက် ၃၂ သန်းကျော်မှာ ဆန္ဒမဲပေးနိုင်သူများ ဖြစ်ပါသည်။ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်းသည် ဆန္ဒမဲပေး ခွင့်ရှိပါသည်။ ဤရွေးကောက်ပွဲကြီးတွင် မဲပေးလိုသူများရှိသလို မဲမပေးဘဲ နေလိုသူများလည်း ရှိနိုင်ပါသည်။ မဲပေးလိုသူများက မိမိတို့လိုလားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိရေးအတွက် ဆန္ဒမဲပေးရန် ပြင်ဆင်နေကြပြီဖြစ်ပါသည်။

ထို့အတူ တက်သည့်အစိုးရ တို့အစိုးရ အေးအေးလူလူ နေမည် ဆိုသူများလည်း ရှိနိုင်ပါသည်။
သို့သော် အသက် ၁၈နှစ်ပြည့်ပြီးသူများအနေဖြင့် ဆန္ဒမဲပေးရမည့်တာဝန်သည် နိုင်ငံသားတစ်ဦး၏ တာဝန်ပင်ဖြစ်ပါသည်။ နိုင်ငံကြီးသားပီသစွာ ဆန္ဒမဲပေးဖို့ လိုပါသည်။
ဆန္ဒမဲပြား တစ်ပြားသည် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၏အနိုင်အရှုံးကို အဆုံးအဖြတ် ပေးနိုင်စွမ်းရှိပါသည်။ ဥပမာအားဖြင့် ပြိုင်ဘက်ပါတီများတွင် မဲအရေအတွက် တူညီ နေပါက မိမိထည့်လိုက်သော ဆန္ဒမဲပြားတစ်ပြားကြောင့် အနိုင်အရှုံး အဆုံးအဖြတ်ပေးနိုင်လိမ့်မည် ဖြစ်ပါသည်။ ပြည်သူ့အကျိုးစီးပွားကို အဓိက ဦးဆောင်ဦးရွက်ပြုမည့် အစိုးရ တစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် မိမိဆန္ဒပြုမည့် မဲသည် တန်ဖိုးရှိစွာဖြင့် အသည်းကြားကမဲတစ်ပြားဟု ဆိုကြခြင်းဖြစ်ပါ သည်။
မဲတစ်ပြားသည် အရေအတွက်အားဖြင့် တစ်ကြိမ်၊ တစ်ခုဟူသော ခုဂဏန်းတစ်လုံးမျှသာ ဖြစ်ပါသည်။ သို့သော် တန်ဖိုးသည်ကားကြီးမားလှ၏။ မိမိထည့်လိုက်သော မဲတစ်ပြား သည် ကိုယ်စားလှယ်လောင်းတိုင်းအတွက် တန်ဖိုးကြီးလှ၏။ ဆန္ဒမဲသည် ပေးချင်တိုင်းပေး၍ ရသည်မဟုတ်ပေ။ ရွေးကောက်ပွဲ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်၍ အကြောင်းညီညွတ်မှုရှိမှသာလျှင် ဆန္ဒမဲပေးခွင့်ရှိပါသည်။
ဆန္ဒမဲပေးခွင့်ရရှိထားသူများအနေဖြင့် အခွင့်အလမ်း မဆုံးရှုံးစေချင်ပါ။ အခွင့်အလမ်းကို အကျိုးရှိရှိအသုံးချနိုင်ရန် လိုပါသည်။ သို့ဖြစ်၍ အသည်းကြားက မဲတစ်ပြားဟု ဆိုသည့် အတိုင်း မိမိတို့လိုလားသော ကိုယ်စားလှယ်လောင်းများအတွက် ဆန္ဒမဲပေးခြင်းကို အလေးအနက်ထားသင့်ပါကြောင်း။ ။

No comments:

Post a Comment