Monday, November 2, 2015

သန့်ရှင်းသာယာလှပမှုတို့ဖြင့် သဘာဝအလှကို ပုံဖော်ထားသည့် ကမ်းခြေငွေဆောင်





သတင်းဆောင်းပါး - သီသီမင်း
ဓာတ်ပုံ - မင်းသစ်

အမှိုက်သရိုက် အညစ်အကြေးကင်းစင်ပြီး လေးကိုင်းသဖွယ်ကွေးညွတ်နေသည့် ကမ်းခြေတစ်လျှောက်ရှိ သန့်ရှင်းသည့် သဲသောင်ပြင်ပေါ်တွင်ထိုင်ရင်း ကမ်းခြေဘက်သို့ တလိမ့်လိမ့် တက်လာနေသည့် ငွေလှိုင်းဖြူ လှိုင်းလုံးများနှင့် ပြာလဲ့လဲ့ ပင်လယ်ရေပြင်ကို ငေးမောကြည့်ရှုရင်း ''ကျွန်တော်ငွေဆောင်ကမ်းခြေကိုရောက်တော့ လွန်ခဲ့တဲ့ ၁၅ နှစ်က ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို ပြန်သတိရတယ်။ သဘာဝအလှတွေကိုမြင်တွေ့ခွင့်ရတဲ့အတွက် အလွန်သဘောကျတယ်''ဟု ငွေဆောင်ကမ်းခြေသို့ အလည်အပတ်ရောက်ရှိနေသည့် အင်္ဂလန်နိုင်ငံသားDave Barnes က ပြောသည်။

ရခိုင်ရိုးမနောက်ခံနှင့်အတူ စိမ်းစိုနေသော အပူပိုင်း သစ်တောများဖြင့် သဘာဝအတိုင်းလှပနေသည့် ငွေဆောင် ကမ်းခြေသည် နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားဧည့်သည်များအတွက် အပန်းဖြေ အနားယူရာ ဆွဲဆောင်မှုအရှိဆုံး ကမ်းခြေတစ်ခုဖြစ်လို့ နေသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ အနောက်ဘက် မိုင် ၃ဝ ခန့်ကွာဝေးသည့် ငွေဆောင်ကမ်းခြေ အပန်းဖြေ စခန်းကို ပြည်တွင်းပြည်ပ ခရီးသွားများ အပန်းဖြေရာ စခန်းတစ်ခုအဖြစ် ၂ဝဝဝ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။
''အရင်က ဒီနေရာက တောကြီးပါ။ ငွေဆောင် မဟုတ်သေးဘူး။ ငဆော်လို့ခေါ်တယ်။ ငွေဆောင်မရှိခင်က ပုသိမ်ကို တောလမ်းအတိုင်းခြေကျင်သွားရတယ်။ အခု တော့ လမ်းပန်းဆက်သွယ်ရေးတွေလည်း ကောင်းလာ တယ်''ဟု ငွေဆောင်မြို့ ဘူးကွဲရွာတွင်နေထိုင်သူ ဒေါ်ညွန့်ရီက ပြောသည်။

ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူနေသည့် ငွေဆောင် ကမ်းခြေအပန်းဖြေစခန်းသို့ ပုသိမ်မြို့မှ သလပ်ခွာ ကျေးရွာထိ လာရာလမ်းတစ်လျှောက်မှာ မြေပြန့်ဒေသ ဖြစ်ပြီး သလပ်ခွာကျေးရွာမှ ငွေဆောင်ကမ်းခြေကြား အနောက်ရိုးမတောင်တန်းကြီးကို တစ်တောင်တက် တစ်တောင်ဆင်းဖြင့် ကမ်းခြေရောက်သည်အထိ အကွေ့ အကောက်များဖြင့် ဖောက်လုပ်ထားသည်ကိုတွေ့ရ သည်။
ထို့ပြင် လမ်းခုလတ်တွင်ရှိ သစ်ထုတ်လုပ်ရေးဆင် စခန်းတွင် ဆင်များမွေးမြူထားသည့်အတွက် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိနေပြန်သည်။
''ခရီးသွားလုပ်ငန်းသဘောကတော့ ဖိုက်စတား ဟိုတယ်မှ မဟုတ်ပါဘူး။ လမ်းဘေးဈေးသည်တွေအထိ အထောက်အကူပြုတယ်။ နိုင်ငံခြားသားတွေအနေနဲ့ ဘယ်လိုကြောင့်ပဲလာလာ ငွေသုံးစွဲကြတယ်။ ဒေသခံတွေ အတွက်လည်း ဝင်ငွေတိုးလာမယ်၊ အလုပ်အကိုင်တွေရလာ မယ်''ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။
ငွေဆောင်ဒေသသည် ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် အုန်းခြံစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြ သော်လည်း ငွေဆောင်အပန်းဖြေစခန်းဖွင့်လှစ်ပြီး နောက်ပိုင်းဒေသထွက် ငါးပိ၊ ငါးခြောက် ရေထွက်ပစ္စည်းများ ရောင်းဝယ်သည့်လုပ်ငန်း၊ ခရုအလှဆင်ပစ္စည်းများရောင်း ဝယ်သည့်လုပ်ငန်းတို့အပြင် ငွေဆောင်ကမ်းခြေတစ်လျှောက် အုန်းသီးနှင့် ပုစွန်ကင်၊ ငါးကင်များရောင်းဝယ်ခြင်းဖြင့် စားဝတ်နေရေးပြေလည်မှုများရှိကြောင်း ဒေသခံ ဒေါ်ညွန့်ရီက ပြောသည်။
''ဒီနေရာက လူတွေ နဂိုက တောင်ယာလုပ်တယ်။တံငါလုပ်တယ်။ လယ်လုပ်တယ်။ အခု ဟိုတယ်တွေဖွင့် လာတော့ လူငယ်တွေအလုပ်အကိုင်တွေရလာတယ်။ စားဝတ်နေရေးလည်း ပြေလည်ကြတယ်။ ချစ်သူများ ကျွန်းဆို အလွန်စည်တာ။ ဈေးဆိုင်တွေနဲ့ ပုစွန်ကင်တို့ ငါးကင်တို့၊ အုန်းစိမ်းအရည်သောက်တို့ အကုန်လုံးရောင်း ကြတယ်။ ဒေသထွက်ဆိုတော့ ခရီးသွားတွေကလည်း ဝယ်တယ်။ ဒီတော့ ဒေသခံတွေဝင်ငွေရတယ်'' ဟု ၄င်းက ဆိုသည်။
ငွေဆောင်ကမ်းခြေတစ်လျှောက် ဖြူလွလွသဲသောင် ပြင်ပေါ်တွင် သန့်ရှင်းသော လေနုအေးကို အားပါးတရ ရှူရှိုက်ရင်း လမ်းလျှောက်နေသည့် အသက်(၈ဝ)အရွယ် ဦးချစ်တင်က ''အဘက ဒီမှာမွေး၊ ဒီမှာကြီးတာ။ မနက်တိုင်း သောင်ပြင်မှာလမ်းလျှောက်တယ်။ ကျန်းမာရေးအတွက်လေ။ အသက်ကကြီးလာပြီဆိုတော့ လေကောင်းလေသန့်ရတဲ့ အပြင် ညီညာချောမွေ့တဲ့ သဲသောင်ပြင်မှာလမ်းလျှောက် ရတာ စိတ်လက်ကြည်သာတယ်။ အဘတို့ ငယ်ငယ် ကတည်းက ကမ်းခြေနဲ့ အခုကမ်းခြေက ဘာမှမပြောင်း လဲဘူး။ အမြဲသန့်ရှင်းနေတာပါပဲ'' ဟုပြောသည်။
ငွေဆောင်ကမ်းခြေကို အမှီပြုပြီး ငွေဆောင်မြို့နှင့် တစ်ဆက်တည်း ဇီးမော်ရွာ၊ ဘူးကွဲရွာ၊ မကျည်းမော်ရွာ၊ သဇင်ရွာတို့မှ ဒေသခံများအပြင် ပုသိမ်မြို့နှင့် အခြား မြို့နယ်များမှ စားဝတ်နေရေးအတွက် အလုပ်လာရောက် လုပ်ကိုင်ကြသော်လည်း ကမ်းခြေသန့်ရှင်းရေးအတွက် အထူးဂရုစိုက်ကြကြောင်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောပြ သည်။
ငွေဆောင်ကမ်းခြေတွင် ပုစွန်ကင်၊ ငါးကင်များကို ဈေးဗန်းရွက်ကာရောင်းချနေသည့် ဇီးမော်ရွာမှ မစန်းစန်းအေး က '' ဒီကမ်းခြေလာတဲ့ ဧည့်သည်တိုင်းက ဒီလိုအကင်တွေ ဝယ်စားကြတယ်။ ကျွန်မတို့လို ဈေးသည်တွေက အပန်း ဖြေလာတဲ့ ဧည့်သည်တွေစားသမျှ စားကြွင်းစားကျန်နဲ့ အမှိုက်တွေကို ကိုယ့်ဟာကိုယ် ပြန်သိမ်းပေးတယ်။အုန်းသီးရောင်းတဲ့သူတွေကလည်း ကိုယ့်အမှိုက်ကိုယ်သိမ်း ကြတယ်။ ကမ်းခြေသန့်ရှင်းမှ ဧည့်သည်လာမှာ။ ဧည့်သည် လာမှ ကျွန်မတို့အတွက် အဆင်ပြေမှာ''ဟု ပြောသည်။
''ငွေဆောင်ကမ်းခြေက ပုံမှန်ဆိုရင် စနေ၊ တနင်္ဂနွေ နေ့တွေ ဧည့်သည်အလာများတယ်။ အထူးသဖြင့်တော့ နှစ်သစ်ကူးရက်နဲ့ သင်္ကြန်ပွဲတော်ရက်တွေမှာ ဧည့်သည် အလာများတဲ့အတွက် အဲဒီရက်တွေဆို တစ်နေ့ကို ခြောက်သောင်းဖိုးလောက် ဈေးရောင်းရတယ်။ ကျန်တဲ့ရက် ကတော့ စားရုံသောက်ရုံလောက်ပဲရောင်းရတယ်'' ဟု ၄င်းက ဆက်ပြောသည်။
ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၂၃ လုံး၊ အခန်းပေါင်း ၁၁၂၇ ခန်းရှိပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာလအထိ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ၄၇ဝဝဝ လာရောက်ခဲ့ ကြောင်း၊ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလအထိ ပြည်ပခရီးသွား ၆၁ဝဝဝ ခန့်လာရောက်လည်ပတ်ခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ကမ်းခြေဒေသများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ကမ်းခြေဒေသရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် လိုက်နာရန်အမိန့် ထုတ်ပြန်ရခြင်းနှင့် စပ်လျဉ်းပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ''ကမ်းခြေ တည်မြဲမိန့်ကို ထုတ်ထားတဲ့အခါကျတော့ ဒီအပေါ်မှာ လိုက်နာမှုမရှိရင် သက်ဆိုင်ရာတိုင်းဒေသကြီးက အရေး ယူမှာပါ။ ဥပမာ အဆောက်အအုံတစ်ခုကိုဆောက်တယ်။ ဒီနေရာမှာ မရှိသင့်မရှိထိုက်တာကို အမြင့်ကြီး အရုပ်ဆိုး အောင် လုပ်တယ်ဆိုရင် ဒါကိုကျွန်တော်တို့က ထိန်းသိမ်း ရမယ်။ လုပ်ပြီးမှ ထိန်းလို့မရဘူး။ မလုပ်ခင်ကတည်းက ပြောပြရမယ်၊ အသိပညာပေးရမယ်။ ဌာနဆိုင်ရာအဖွဲ့ အစည်းတွေ၊ ပြည်သူလူထုတွေ နောက်ပြီး လုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်ရမယ်။ နောက်အရေးကြီးဆုံးက ဒေသခံ ပြည်သူတွေပဲ။ ဘာလို့လဲဆိုတော့ တစ်ခုခုမှားရင် နောက်ဆုံး ဒီဒေသခံပြည်သူလူထုကခံစားရမှာ'' ဟု ပြော သည်။
ကမ်းခြေတစ်လျှောက်ဖွင့်လှစ်ထားသည့် ဟိုတယ်များ အနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည့် အမိန့်များ၊ စည်းကမ်းချက်များကို ချိုးဖောက်ခြင်းမရှိကြောင်း ငွေဆောင် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ငွေဆောင်ကမ်းခြေတွင် နာမည်ကြီးသည့် ပင်လယ် ရေဆွဲနှင့် ပတ်သက်၍ ပင်လယ်ထဲသို့ရေဆင်းကူးသည့် ဧည့်သည်များဘေးအန္တရာယ်ကင်းစေရန်အတွက် ဟိုတယ် များမှ ကမ်းစပ်လုံခြုံရေးနှင့် ရေကူးကျွမ်းကျင်သူအဖွဲ့များ ခန့်ထားပေးပြီး စောင့်ကြည့်ပေးလျက်ရှိကြောင်း ကမ်းခြေ လုံခြုံရေးဝန်ထမ်းများထံမှ သိရသည်။
''ကမ်းခြေမှာရေဆွဲရှိတဲ့နေရာ ရေနည်းနည်းနစ်တဲ့ နေရာဆို ဧည့်သည်တွေမသွားဖို့ ဦးတို့က ကမ်းခြေကနေ လှမ်းသတိပေးတယ်။ လေနဲ့ပါသွားမယ်၊ ရေဆွဲနဲ့ပါသွား မယ်ဆို ရေကူးသင်တန်းတက်ထားတဲ့ ဝန်ထမ်းတွေက လိုက်ဆယ်တယ်။ ရေဆွဲကတော်ရုံလူမသိဘူး၊ အန္တရာယ်ရှိ တယ်။ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက်စောင့်ရှောက်ပေး နေတာပါ''ဟု AMBOဟိုတယ်မှ ကမ်းခြေလုံခြုံရေး ဝန်ထမ်း ဦးတင်ထွေးက ပြောသည်။
နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံခြားသားခရီးသွား ဧည့်သည်များ၏ လုံခြုံရေးအတွက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ ငွေဆောင်မြို့တွင်လည်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ကို ထားရှိ ပေးထားကြောင်း ငွေဆောင်မြို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှသိရသည်။
ငွေဆောင်ကမ်းခြေတွင် လာရောက်အပန်းဖြေအနား ယူသည့် ပြည်တွင်း ပြည်ပ ခရီးသွားများ အန္တရယ်ကင်းရှင်း စေရန်အတွက် ကမ်းခြေဘက် Central ဟိုတယ်မှ BOB ဟိုတယ်ထိ ဆိုင်ကယ်နှင့် စက်တပ်ယာဉ်များ (တာဝန်မှအပ)စီးနင်းခြင်းမပြုရန်နှင့် စီးနင်းပါက အရေး ယူခြင်းခံရမည်ဖြစ်ကြောင်း ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ အမိန့်ထုတ်ပြန်ထားပြီး ကမ်းခြေ တစ်လျှောက် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားကြောင်း ငွေဆောင်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်နိုင်က ပြောသည်။
ငွေဆောင်မြို့ ဒေသခံဆိုင်ကယ်ကယ်ရီဆွဲသူ ကိုချမ်းသာ က''ကျွန်တော်တို့က အတန်းပညာလည်းမတတ်တော့ ဟိုတယ်တွေမှာ လုပ်ဖို့အဆင်မပြေဘူး။ လာတဲ့ဧည့်သည် တွေကိုမှီပြီး ကမ်းခြေမှာ ဆိုင်ကယ်ကယ်ရီဆွဲတယ်။ ဈေးရောင်းတယ်။ ဆိုင်ကယ်ကယ်ရီဆွဲတာက တရားဝင် ခွင့်ပြုထားတာမဟုတ်ဘူး။ သူတို့က ဧည့်သည်တွေထိခိုက်မိ မှာစိုးလို့ တားမြစ်တာလို့ပြောတယ်။ ဆိုင်ကယ်ကယ်ရီကို စနစ်တကျနဲ့ တရားဝင်ဆွဲခွင့်ပြုစေချင်တယ်။ ဒါမှ ကျွန်တော် တို့လို ဒေသခံတွေစားဝတ်နေရေးပြေလည်မှာပါ''ဟု ပြော သည်။
ငွေဆောင်ကမ်းခြေ Central ဟိုတယ်နှင့်ACE ဟိုတယ်နှစ်ခုရှေ့၌ သဘာဝရှုခင်းများဖြင့် လှပနေသည့် ယခင်က ဘူးကွဲကျွန်းဟုခေါ်သည့် ချစ်သူများကျွန်းအနီးတွင် စက်လှေငှားရမ်းသူများ၊ စပိဘုတ်များဖြင့် ကျွန်းတစ်ပတ် လှည့်လည်ကြည့်ရှုသူများနှင့် ကမ်းခြေမှ ကျွန်းသို့ ရေထဲ ဆင်းပြီး ခြေကျင်ဖြတ်ကူးသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိ သည်။
''ချစ်သူများကျွန်းမှ သဘာဝရှုခင်းလေးတွေက လှတယ်။ ထူးခြားတာက ရေတက်လာရင် လှိုင်းကြက်ခွပ်ပုံ လေးတွေက အသည်းပုံရှိတယ်။ ဒီကျွန်းကို ဘူးကွဲကျွန်းလို့ ခေါ်တယ်။ ဟိုးအရင်တုန်းက ရေသူမကျွန်းလို့လည်း ခေါ် တယ်။ ရေသူမနဲ့ ဂျပန်စစ်သားတစ်ယောက်ချစ်ကြိုက် ကြလို့ ဂျပန်စစ်သားကို သူ့တပ်က ပြန်ခေါ်မရတော့ ဒီကျွန်းမှာ စတေးပစ်ခဲ့တာလို့ ငယ်ငယ်တုန်းကတော့ ပုံပြင်လိုလို ကြားဖူးခဲ့တာပဲ။ နောက်တော့ ရာဇာနေဝင်းတို့ ရုပ်ရှင်လာရိုက်ပြီးတော့မှ ချစ်သူများကျွန်းဆိုပြီးခေါ်တာ''ဟု ချစ်သူများကျွန်းရှေ့ရှိ ငွေဆောင်သဲသောင်ပြင်ပေါ်တွင် အုန်းစိမ်းရည်ရောင်းချသည့် ကိုအောင်သက်ထွန်းက ပြောသည်။
ငွေဆောင်ကမ်းခြေတစ်လျှောက် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် လှေများနှင့် ကမ်းခြေတွင် ငါးဖမ်းပိုက် များရှင်းလင်းနေသည့် တံငါတဲများကလည်း ကမ်းခြေ အလှကို ပိုမိုပီပြင် သက်ဝင်လှုပ်ရှားစေသည်။
''ငါးအုန်းညိုတို့၊ ငါးစစ္စလီတို့ မိတာများတယ်။ ငါးအုပ် ပေါ်တာနဲ့ ဝိုင်းပြီး ပိုက်နဲ့ဆွဲကြတယ်။ ပုသိမ်ကိုရောင်းတာ လည်းရှိတယ်။ ငါးခြောက်လှန်းပြီး ကမ်းခြေမှာရောင်းတာ လည်းရှိတယ်။ ဒီပင်လယ်ပြင်က တံငါသည်တွေရဲ့ ထမင်း အိုးပဲ'' ဟု ငါးဖမ်းသမားကြီး ဦးအေးလွင်က ပြောသည်။
''ထိုင်းနိုင်ငံမှာရှိတဲ့ ဖူးခက်ကမ်းခြေကအလွန်လှတယ်။ မြန်မာနိုင်ငံက ငွေဆောင်ကမ်းခြေကလည်း အလွန်လှ တယ်။ လှတာချင်းက ထပ်တူကျတယ်။ပုံစံလည်းတူတယ်။ ရေကလည်း ပြာ၊ သဲသောင်ပြင်ကလည်း ဖွေးပြီး သန့်ရှင်း တယ်။ ပြီးတော့ သဘာဝကျမှုရှိတယ်။ အလွန်ကြိုက်တယ်။ နောက်တစ်ခါ လာဖြစ်မှာ အသေအချာပါပဲ''ဟု ငွေဆောင် ကမ်းခြေသို့ အလည်အပတ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဖူးခက်မှMrs.Paveena Palai က ပြောသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းသည် ၂ဝ၁၄ ခုနှစ်တွင် ၃ ဒသမ ဝ၈ သန်းဝင်ရောက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ ၂ဝ၁၅ ခုနှစ် ကုန်းပိုင်းတွင် ပြည်ပခရီးသွားများလာရောက်လည်ပတ်မှုနှုန်းကို ၄ ဒသမ ၅ သန်းအထိရောက်ရှိရန် ခန့်မှန်းထားကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။
''ဟိုတယ်တွေမှာသုံးတဲ့ ရေနဲ့ပတ်သက်ပြီး မိလ္လာရေနဲ့ အခြားရေဆိုးတွေ ကမ်းခြေဘက်ကို ထွက်တာ လုံးဝမရှိဘူး။ စည်ပင်သာယာရေးကော်မတီအနေနဲ့လည်း အခါအား လျော်စွာ ခေါ်ယူပြီး အမြဲမပြတ်အသိပညာပေးမှုတွေလုပ် တယ်။ ရပ်ကွက်ထဲမှာရှိတဲ့ ရေနုတ်မြောင်းတွေကို ရေစီး ရေလာ ကောင်းအောင်ဖော်တယ်။ ဟိုတယ်တွေကလည်း စည်းကမ်းလိုက်နာတယ်။ ဈေးရောင်းတဲ့ ဒေသခံတွေ ကလည်း စည်းကမ်းရှိတယ်။ တစ်ပတ်တစ်ခါ အမှိုက် ကောက်ရုံနဲ့တော့ မရဘူး။ နေ့တိုင်းသန့်ရှင်းအောင် ဆောင်ရွက်နေလို့သာ ငွေဆောင်ကမ်းခြေက အမြဲသန့်ရှင်း နေတာပါ။ ဒီအတိုင်းဆို ငွေဆောင်က နိုင်ငံတကာအဆင့်မီ ကမ်းခြေအဖြစ် ရေရှည်တည်တံ့နေမှာပါ'' ဟု ငွေဆောင် မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ကြည်က ပြောသည်။
ကမ္ဘာလှည့်ခရီးသွားများအကြိုက် ခေတ်မီသန့်ရှင်း သည့် ဟိုတယ်များ၊ လှပသောကမ်းခြေအနေအထားတို့ အပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် စေရန်နှင့် မြန်မာရွက်လှေ အားကစားအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ အောက်တိုဘာလအတွင်းက ငွေဆောင်ကမ်းခြေ ငွေဆောင်ရွက်ကလပ်၌ နိုင်ငံတကာမှ အားကစားသမားများပါဝင်သည့်Myanmar Wave Rider Cup and KTA Race Open 2015 ပြိုင်ပွဲကို ကျင်းပခဲ့ရာ ငွေဆောင်ကမ်းခြေကို အုန်းစိမ်းရည်သောက်၊ ပင်လယ်စာ စား၊ ရေကူးအပန်းဖြေရုံသာမက နိုင်ငံတကာ အဆင့်မီ ရွက်လှေပြိုင်ပွဲများ ကျင်းပနိုင်သည့်ကမ်းခြေအဖြစ် နိုင်ငံတကာမှ ပိုမိုသိရှိလာတော့မည်ဖြစ်သည်။
''ငွေဆောင်ကမ်းခြေမှာ ရွက်လှေပြိုင်ပွဲတွေ လုပ်လို့ ရတယ်ဆိုတာ ကမ္ဘာကသိသွားရင် နိုင်ငံခြားသားတွေ ဒီငွေဆောင်ကမ်းခြေကို ရွက်လှေအပျော်စီးချင်လို့ပဲဖြစ်ဖြစ် ပြိုင်ပွဲဝင်ချင်လို့ပဲဖြစ်ဖြစ်လာကြမယ်။ ဒါဆို ဒီကမ်းခြေကို စိတ်ဝင်စားမှုများလာမယ်၊ ခရီးသွားလုပ်ငန်းလည်းဖွံ့ဖြိုးလာမယ်'' ဟု ရွက်လှေပြိုင်ပွဲကြီးကြပ်နှင့် လုံခြုံရေးတာဝန် ယူထားသူ ဦးစိုင်းပြည့်စုံဟိန်းက ပြောသည်။
''၂ဝဝဝခုနှစ်ကနေ ၂ဝ၁၅ ပြောင်းလဲလာတဲ့အချိန်မှာ နိုင်ငံတကာကကြည့်ရင် ငွေဆောင်က တအားဖွံ့ဖြိုးလာ တယ်။ လူမှုစီးပွားဘဝတွေလည်း ဖွံ့ဖြိုးလာတယ်။ တကယ် လည်းတိုးတက်လာပါတယ်။ ဒါပေမယ့် ဟိုတယ်ဇုန်ကြီး ဖြစ်ဖို့ ဟိုတယ်ကြီးတွေပေါ်လာဖို့ အဲဒီနေရာက ရွှေ့ပြောင်း ပေးခဲ့ရတဲ့ ဒေသခံတွေရဲ့ ဘဝက ဘာမှပြောင်းလဲမသွား သေးဘူး'' ဟု ဒေသခံတစ်ဦးလည်းဖြစ် ငွေဆောင်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြင့်ကြည်က ပြောသည်။

ငွေဆောင်သဲသောင်ပြင် မွမွပေါ်တွင် ပြေးလွှားနေ သော ကဏန်းနီနီလေးများ၊ အငှားခန္ဓာအိမ်ဖြင့် အသက် ရှင်နေသည့် ဟိုမှသည်သို့ ပြေးလွှားနေသည့် ဝင်ကစွပ် ကောင်လေးများ၏ အနီးဆုံးနေရာတွင်ရှိသည့် တဲအိမ် လေးပေါ်တွင် ငါးဖမ်းပိုက်ကြိုးကိုဖြည်နေသည့် အသက် (၇၅)နှစ်အရွယ် အဘိုးအို ဦးလှတင်က ''မီးစာကုန်ဆီခန်း အသက်ကုန်တော့မယ့်အရွယ်မှာ တံငါအလုပ်လည်း မလုပ်ချင်တော့ဘူး။ အေးအေးဆေးဆေးလေးနေချင်ပြီ။ အရင်က တံငါလုပ်တာမဟုတ်ဘူး။ အုန်းခြံနဲ့ လယ်တွေ ပိုင်ခဲ့တယ်။ အခုတော့ အဲဒီအုန်းခြံတွေအတွက် ဘာမှ မျှော်လင့်ချက်မရှိသလိုဖြစ်နေရတယ်။ ပင်လယ်ပြင်ကြီး ရှိလို့သာ ငါးဖမ်းရင်း အသက်ဆက်နေရတယ်'' ဟု ညနေ ဆည်းဆာအချိန် ပင်လယ်ထဲ ငုပ်လျှိုးပျောက်ကွယ်တော့ မည့် နေလုံးကြီးကို ငေးမျှော်ကြည့်ရင်း ခပ်ငေးငေးလေး ဆိုသည်။ ။

No comments:

Post a Comment