Tuesday, November 3, 2015

ရေးမြို့နယ် ခေါဇာမြို့တွင် ကဗျာဝကမ်းခြေစီမံကိန်း စတင်တော့မည်




The Mirror Daily's photo.


သတင်းနှင့် ဓာတ်ပုံ
ဆက်နေမင်းအောင်

ရေး နိုဝင်ဘာ ၂

ရေးမြို့နယ် ခေါဇာမြို့ ကဗျာဝကျေးရွာရှိ ကဗျာဝကမ်းခြေသည် သန့်ရှင်းသောလေနုအေး၊ ပြာလဲ့ကြည်လင် သောရေပြင်နှင့် ပြန့်ပြူးညီညာသော သဲသောင်ပြင်များ တည်ရှိကာ အသုံးမပြုရသေးသော သဘာဝသယံဇာတ အရင်းအမြစ်များ ကြွယ်ဝမှုများနှင့် လှပရှည်လျားသောကမ်းရိုးတန်းအခြေအနေများကြောင့် နိုင်ငံ၏ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။ ထို့အပြင် မွန်ပြည်နယ်အတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ခရီးသွားနယ်မြေသစ်စီမံကိန်းကို ဖော်ထုတ်အကောင်အထည် ဖော်ခြင်းစတင်သည့် အထိမ်းအမှတ်အနေဖြင့် ဗကမကာ ကုမ္ပဏီလီမိတက်က ကဗျာဝကျေးရွာ ကျေးလက်ကျန်းမာ ရေးဌာနခွဲအဆောက်အအုံတည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားကိုအောက်တိုဘာ ၃၁ ရက် နံနက်ပိုင်း က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။

''ကဗျာဝရဲ့သဘာဝအခြေအနေတွေဟာ မပြောင်းမလဲဘဲ သူ့ရဲ့သယံဇာတကြွယ်ဝမှုတွေကလည်း နဂိုအတိုင်း တည်ရှိနေတဲ့အတွက် ကမ်းခြေစီမံကိန်းကိုလုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေအနေအထားတွေနဲ့ ၂ဝ၁၄ ဧပြီလကစပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ကို သဘာဝကမ်းခြေ အပန်းဖြေ စီမံကိန်းကိုလုပ်ဆောင်ဖို့တင်ပြခဲ့ပါတယ်။ စီမံကိန်း စတင်ခြင်းအထိမ်းအမှတ်အနေနဲ့ ကျေးလက်ကျန်းမာရေး ဌာနခွဲအဆောက်အအုံကို ကျန်းမာရေးဌာနရဲ့ စံချိန်စံညွှန်း နဲ့အညီ ပင်မဆောင်၊ သားဖွားဆောင်နဲ့ တာဝန်ကျဝန်ထမ်း အိမ်ရာတို့ကို လှူဒါန်းတည်ဆောက်ပေးတာ ဖြစ်ပါတယ်''ဟု ဗကမကာ ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဌေးသွင်က ပြောသည်။

ရေးမြို့နယ် ခေါဇာမြို့သည် ကပ္ပလီပင်လယ် ကမ်းရိုးတန်းအရှည်မိုင် ၂ဝ ခန့်ပါဝင်ပြီး သဲသောင် တစ်လျှောက် ပင်လယ်ကဗွီး၊ သဲသောင်ပြင်ပေါက်ပင်ငယ်များ ပေါက်ရောက်ကာ ခရု၊ ကဏန်း၊ ကျောက်ပုစွန်(ဒေသအခေါ် ဂဲပုစွန်)များ၊ ရေထွက်ပစ္စည်းများ ပေါများကြွယ်ဝကာ ကမ်းခြေအနီး မကျီးကျွန်း၊ ကျွန်းကြီးကျွန်းတို့၏ သဘာဝကပေးသော အလှအပများကြောင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

''ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့ နေရာမှာလမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့၊ ပြီးတော့ လျှပ်စစ်မီး၊ နောက် နယ်မြေလုံခြုံရေးတွေ ကောင်းဖို့လိုတယ်။ ယခင်ကလမ်းပန်းဆက်သွယ်ရေးလည်း မကောင်းခဲ့ဘူး။ သစ်သားတံတားယိုင်နဲ့နဲ့ကို ကျေးရွာလူထုတွေကကာလကြာရှည်စွာသုံးခဲ့ရတယ်။

အခုတော့ သံကူကွန်ကရစ် တံတားအဖြစ် ပြောင်းလဲနေပါပြီ။ ရွာလမ်းတစ်လျှောက်လည်း မကြာခင်ပြီးစီး တော့မှာဖြစ်ပါတယ်။ အပန်းဖြေစခန်းကိုလည်း အပိုင်းလေးပိုင်းခွဲပြီး လက်ရှိအစိုးရမှာရော၊ နောင်တက်လာမယ့်အစိုးရသစ်လက်ထက်မှာပါ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။

ကမ်းခြေစီမံကိန်းဖြစ်ထွန်းပေါ်ပေါက်ဖို့က မြေနေရာရရှိရေးက အရေးပါတယ်။ တချို့မြေကစားတဲ့သူတွေကြောင့် နှောင့်နှေးမှုတွေရှိခဲ့တာပါ''ဟု မွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးနိုင်လဝီအောင်က ပြောကြားသည်။

ရေးမြို့နယ်တွင် လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်သည့်လုပ်ငန်းများတွင် ကုမ္ပဏီများမှ ကျန်းမာရေးဌာနခွဲ တည်ဆောက်ပေးခြင်းသည် ပထမဦးဆုံးဖြစ်ပြီး ကျေးရွာလူထု၏ အရေးပေါ်အခြေအနေများနှင့် ကျန်းမာရေးကိစ္စများ ပူပန်မှုကင်းစွာလုပ်ဆောင်နိုင်တော့မည့်အပြင် ခရီးသွားလုပ်ငန်းနှင့် ကမ်းခြေစီမံကိန်းအခြေအနေများကြောင့် ဒေသဖွံ့ဖြိုးတိုးတက်လာတော့မည်ကို ဒေသခံများက မြော်တွေးပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment