Monday, November 2, 2015

နတ်တလင်းမြို့ရှိ ဗိုလ်ချုပ်ရုပ်တုနှင့်ပန်းခြံအားပြန်လည်ပြုပြင်ပေးစေလို




နတ်တလင်း နိုဝင်ဘာ ၁

နတ်တလင်းမြို့ မြို့လယ် ရန်ကုန်-ပြည်လမ်းဘေးတွင် ဗိုလ်ချုပ် ပန်းခြံရှိပြီး ဗိုလ်ချုပ်ကြေးရုပ်လည်း စိုက်ထူထားသည်။ ယခင်ပန်းခြံအတွင်း မြေယာရှုခင်းများ၊ ပန်းအလှ များ၊ လူသွားလမ်းများနှင့် ဗိုလ်ချုပ် ကြေးရုပ်တုအားလည်း မျက်စိပသာဒ နှစ်လိုဖွယ်ရှိအောင် ပြုပြင်မွမ်းမံထားခဲ့ ကြပေသည်။ ယခုအခါ ပန်းခြံမှာ မြက်ပင်များ၊ ချုံနွယ်များ ထူထပ်ပြီး ခြံစည်းရိုးများ လဲပြိုနေခြင်း၊ ဗိုလ်ချုပ် ကြေးရုပ်တုမှာလည်း ကြေးအရောင်များ မွဲနေသဖြင့် အမြင်မတင့်တယ် ဖြစ်နေပါသည်။

မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ပန်းခြံမြေမှာ မြန်မာ့မီးရထားပိုင်မြေဖြစ်ပြီး ပန်းခြံ နှင့်ရုပ်တုမှာ မြို့စည်ပင်သာယာရေး အဖွဲ့က တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ယခုစည်ပင်သာယာရေး ကော်မတီလက်ထက်တွင် ရန်ပုံငွေခွဲ ဝေလျာထားရန် မြေပိုင်ဆိုင်မှုအနေ အထားအရ အခက်အခဲဖြစ်ပေါ်လျက် ရှိနေသဖြင့် ယခုကဲ့သို့ ယိုယွင်းပျက်စီးရခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

မြို့ခံပြည်သူတစ်ဦးကလည်း ''ယခင် ကလိုပဲ ပန်းခြံလေးကို အများပြည်သူ အပန်းဖြေနေရာလေးဖြစ်အောင် ပြင်ဆင်ပေးစေလိုပါတယ်။ ဗိုလ်ချုပ် ရုပ်တုကိုလည်း အရောင်တင်တာ၊ လျှပ်စစ်မီးအလှထွန်းတာတို့ ပြန်လည် ပြုလုပ်ပေးစေလိုပါတယ်''ဟု ပြောကြားခဲ့ရာ မြို့သူ မြို့သားများ လိုလားသည့် ပန်းခြံနှင့်ရုပ်တုအား ပြန်လည် ပြင်ဆင်ပြုပြင်ဆောင်ရွက်ပေးစေလိုကြောင်း ရေးသားတင်ပြလိုက်ရပေသည်။
နိုင်ထွန်း(TGI)

No comments:

Post a Comment