Thursday, October 29, 2015

Myanmar Wave Rider Cup and KTA Race Open 2015 ပြိုင်ပွဲမှ စကားသံများ



The Mirror Daily's photo.
တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ - ရဲခေါင်၊ သီသီ၊ မင်းသစ်

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာရွက်လှေ အားကစားအဆင့်အတန်းမြင့်မားလာစေရန်ရည်ရွယ်၍ Myanmar Wave Rider Cup and KTA Race Open 2015 ပြိုင်ပွဲကို အောက်တိုဘာ ၂၈ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ပုသိမ်ခရိုင် ငွေဆောင်မြို့ ငွေဆောင် ကမ်းခြေရှိ ပင်လယ်ပြင်ရွက်လှေကလပ်တွင် ကျင်းပလျက်ရှိသည်။ ယခုကဲ့သို နိုင်ငံတကာမှ အားကစားသမားများပါဝင်သည့် ရွက်လှေပြိုင်ပွဲကို ကျင်းပ ပေးနိုင်ခဲ့ခြင်းမှသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှု များကို နိုင်ငံတကာမှမြင်တွေ့ခွင့် ရနိုင်မည်ဖြစ်သည်။ ယင်းသို့ မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းအား များ စွာအထောက်အကူပြုနိုင်မည့် နိုင်ငံ တကာအားကစားပြိုင်ပွဲများ မြန်မာနိုင်ငံ၌ အောင်မြင်စွာ လက်ခံကျင်းပ နိုင်မှုအပေါ် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် ပြိုင်ပွဲစီစဉ် သူများအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက် ရပါသည်။

ကိုဇေယျာဝင်း
(ပြိုင်ပွဲဝင်ကစားသမား)


Kiteboarding အားကစားနည်း ပြိုင်ပွဲမှာ ကျွန်တော်ဝင်ပြိုင်မှာပါ။ ဒီအားကစားနည်းမှာ မြန်မာဆိုလို့ ကျွန်တော်တစ်ယောက်တည်း ဝင်ပြိုင် မှာပါ။ ပြည်ပအားကစားသမားက အယောက် ၂ဝ ဝင်ပြိုင်မယ်။ ထိုင်းနိုင်ငံဖူးခက်မှာ အလုပ်လုပ်ရင်း ကစားခဲ့တာ Kiteboarding အတွက် အတွေ့အကြုံ ခြောက်နှစ်ရှိပါပြီ။ ဒီကစား နည်းက boat လို့ခေါ်တဲ့ သစ်ပြား ပေါ်မှာ မတ်တပ်ရပ်ပြီး ခါးမှာ ခါးပတ် နဲ့ လေထီးကိုချိတ်ပြီး လေထီးဖွင့် စီးရတဲ့ကစားနည်းပါ။ လေမရှိရင်သွား လို့မရဘူး။ စွန်လွှတ်တဲ့ပုံစံမျိုးပါ။ကျွန်တော့ အတွေ့အကြုံတွေကို ဒီက မြန်မာအားကစားသမားတွေကို မျှဝေပေးသွားမယ်။ ဒီအားကစား နည်းက ပျော်ဖို့လည်း ကောင်းတယ်။ ပြိုင်ပွဲမှာဆုရဖို့အတွက် မျှော်လင့်ထားပါတယ်။

Willy kerr (Kiteboard Tour Asia (KTA) director)

လှပတဲ့သောင်ပြင်နဲ့ ဒီပင်လယ်ပြင် ကြီးမှာ ပြိုင်ပွဲလုပ်ဖို့အတွက် ရွေးချယ် ဖြစ်တာက ဒီကမ်းခြေက နေရာဒေသ ကောင်းတယ်။ မြန်မာနိုင်ငံက အခု နောက်ပိုင်း ပွင့်လင်းလာပြီဆိုတော့ ဒီကိုလာပြီး ကျင်းပဖြစ်တာပါ။ KTA နဲ့ပတ်သက်တဲ့သူအနေနဲ့ရော နိုင်ငံ ခြားသား ခရီးသွားဧည့်သည် တစ်ယောက်အနေနဲ့ပါ ဒီကိုလာရတာ တော်တော်လေးကိုနှစ်သက်တယ်။ နောက်တစ်ကြိမ်လည်းလာဦးမှာပါ။ ကျွန်တော်တို့ KTA ဆိုတာကလည်း ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ငွေဆောင်က ဘယ်လိုသာယာတယ်။ သန့်ရှင်းတယ်။ လှပတယ်ဆိုတာ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေနဲ့ ကြော်ငြာဖိုင်တွေလုပ်ပြီးလွှင့်သွားဖို့ ရှိပါတယ်။ KTA နဲ့ပတ်သက်တဲ့ နိုင်ငံ ပေါင်း ၄ဝ လောက်ရှိတယ်။ မြန်မာနိုင်ငံမှာ လုပ်ဖြစ်တဲ့ ဒီပြိုင်ပွဲအတွက် ရော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့အတွက် ပါ ကြော်ငြာကဏ္ဍကို သေချာပေါက် လုပ်ပေးဖြစ်မှာပါ။

ဦးဖုန်းကျော်မိုးမြင့်(မြန်မာနိုင်ငံ
ရွက်လှေအဖွဲ့ချုပ် အထွေထွေ မန်နေဂျာ)


ဒီပွဲကို လုပ်ချင်ခဲ့တာကြာခဲ့ပြီ။ အခု တော့အကောင်အထည် ဖော်နိုင်ခဲ့ ပါပြီ။ ဒီပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ဖို့အတွက် မြန်မာအားကစားသမား တော်တော်များများကို အား/ကာ သိပ္ပံကျောင်းကနေ ခေါ်ထားတာပါ။ တချို့ကတော့ ရွက်လှေအသင်းက အသင်းဝင်တွေပါ။ အသက် အငယ် ဆုံးက ၁၂ နှစ်နဲ့ အသက် အကြီးဆုံး က ၃ဝ ကျော်လောက်အထိ ပါတယ်။ အမျိုးသမီး အားကစားသမား တွေလည်း ဒီပြိုင်ပွဲမှာ ဝင်ပြိုင်တယ်။ ဒီပြိုင်ပွဲတွေကရွက်လှေအားကစား ပြိုင်ပွဲလိုမဟုတ်ဘူး။ လူတိုင်းလိုလို ကစားလို့ရတယ်။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပြီးရင်တော့ တစ်ကမ္ဘာလုံးက မြန်မာပြည် ငွေဆောင်ကမ်းခြေမှာ surfing boarding လုပ်လို့ရတယ် ဆိုတာ သိသွားပြီ။ ငွေဆောင်အတွက်လည်း အတော်ကောင်းသွားမယ်။ surfing က ကမ္ဘာမှာ ကျော်ကြားတယ်။ လူတွေအတော်ကြိုက်ကြတယ်။၂ဝ၁၇ အိုလံပစ်မှာ kiteboardingeJY surfing ထည့်မယ်လို့တော့သတင်းကြားထား တယ်။ထည့်မယ်ဆိုရင် မြန်မာနိုင်ငံက အားကစားသမားတွေအတွက် အဆင် သင့်ဖြစ်သွားမှာပါ။

စိုင်းပြည့်စုံဟိန်း(ပြိုင်ပွဲကမ်းခြေ လုံခြုံရေး ကြီးကြပ်တာဝန်)

ငွေဆောင်မှာရွက်လှေနဲ့ပတ်သက် ပြီးပြိုင်ပွဲလုပ်ဖြစ်တာ ပထမဆုံးအကြိမ် အနေနဲ့ ၂ဝ၁၃ ခုနှစ်ကလုပ်တဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းတုန်းကပါ။ အဲ့ဒီတုန်းက နိုင်ငံတကာအဆင့်ဖြစ် ပေမယ့် အခုက နိုင်ငံတကာက ပါပေမယ့် ကလပ်အဆင့်လောက်ပဲ ဖိတ် ခေါ်ပြိုင်ပွဲလုပ်တာပါ။ ပြိင်ပွဲအနေ နဲ့က (၃)မျိုးပါ။ windsurfing, Stand Up Paddle(SUP)နဲ့ kiteboarding ပါ။မြန်မာအားကစား သမားတွေအနေနဲ့ အများစုက SUP မှာဝင်ပြိုင်ကြမယ်။

ငွေဆောင်မှာ (၂၇) ကြိမ်မြောက် ဆီးဂိမ်းတုန်းကလုပ်ခဲ့တဲ့ ရွက်လှေ ပြိုင်ပွဲက အောင်မြင်ခဲ့တယ်။ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတဲ့ တိုင်းပြည်တွေက လည်း ကြိုက်တဲ့အတွက် အရှေ့တောင် အာရှနိုင်ငံတွေမှာ ဒီငွေဆောင်ကမ်း ခြေက ဂုဏ်ယူလို့ရတဲ့အနေအထားရှိ ပါတယ်။ မြန်မာကမ်းရိုးတမ်းက သန့်ရှင်းသပ်ရပ်မှုရှိသေးတယ်။ ၂ဝ၁၃ ဆီးဂိမ်းရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Green, Clean နဲ့ Friendship ဆိုတဲ့ဆောင်ပုဒ်ကိုလည်း အများကြီး ဖော်ပြနိုင်ခဲ့တယ်။ ဒီငွေဆောင်ကမ်းခြေမှာပြိုင်ပွဲတွေဆက်လုပ်ဖို့ ရွက်လှေ နဲ့ဆက်စပ်တဲ့ အခြားနိုင်ငံတွေက လည်း အဆိုပြုတယ်။ နောက်ထပ် လည်း ဒီနေရာမှာ ပြိုင်ပွဲတွေကျင်းပဖို့ ရှိသေးတယ်။ ခုနောက်ပိုင်း မတ်တပ် ရပ်ပြီးလှော်တဲ့ ကစားနည်းကို ကမ္ဘာ က စိတ်ဝင်စားမှုပိုများလာတော့ ပြိုင်ပွဲဝင်ဖို့ မဟုတ်ရင်တောင် တချို့ က အပန်းဖြေအပျော်စီးအနေနဲ့ စိတ်ဝင်စားမှုရှိလာတယ်။ ကမ္ဘာလှည့် တွေ ဒီငွေဆောင်ကမ်းခြေကို ရွက်လှေ အပျော်စီးချင်လို့ပဲဖြစ်ဖြစ်၊ ပြိုင်ပွဲ ဝင်ချင်လို့ပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဒါမျိုးလုပ်လို့ရတယ်ဆိုတာ ကမ္ဘာလှည့် ခရီးသွားတွေသိသွားရင် ဒီကမ်းခြေ ကို စိတ်ဝင်စားမှုများလာမှာ။ အဓိက ကတော့ ဟိုတယ်နဲ့ ခရီးသွားလာ ရေးဖွံ့ဖြိုးဖို့အတွက်လည်း အများကြီး ပါပါတယ်။

ထက်ဝေလင်း (Stand Up Paddle) ပြိုင်ပွဲဝင်ကစားသမား

ကျွန်တော်က အားကစားနဲ့ ကာယ ပညာသိပ္ပံမှာ ကျောင်းတက်နေပါ တယ်။ အသက်က (၁၄) နှစ်ပါ။ အခု (Stand Up Paddle) ကစားနည်းမှာ ဝင်ပြိုင်မှာပါ။ ဒါကမြန်မာနိုင်ငံမှာ ပထမဆုံးဆိုတော့ အတွေ့အကြုံရ အောင်ပါ။ ရန်ကုန်ရွက်လှေကလပ်မှာ လည်းဝင်ပြိုင်ဖူးပါတယ်။ ဒီကစား နည်းကိုပိုစိတ်ဝင်စားတယ်။ လှေလှော်တာကအစ အားစိုက်လှော်ရ တယ်။ လှိုင်းစီးတဲ့ အတွေ့အကြုံတွေ အများကြီးရပါတယ်။ ကျွန်တော်က ရွက်လှေအားကစားနည်းကို ဝါသနာ ပါတယ်။ ကျွန်တော် ၁၂ နှစ်ကတည်း က အား/ကာသိပ္ပံကျောင်းရောက်နေ တာပါ။ အဲ့ဒီမှာ စာသင်ကျောင်းလည်း တက်ရတယ်။ လစာလည်း ရတယ်။

ဦးသီဟန်စိုး(Stand Up Paddle အားကစားပြိုင်ပွဲစီစဉ်သူ)

ဒီပွဲက ပြည်တွင်းဖိတ်ခေါ်ပြိုင်ပွဲလုပ် တဲ့ ပုံစံပါ။ တခြားနိုင်ငံတွေက ကစားသမားတွေကိုလည်း ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ပြီး ကလပ်ပြိုင်ပွဲတစ်ခုလုပ် တာပါ။ ရွက်လှေပြိုင်ပွဲလောက်စည်း ကမ်းမတင်းကျပ်ထားဘူး။ အဓိကက safety ပိုင်းပါ။ ရွက်လှေပြိုင်ပွဲတွေက အစုအဖွဲ့နဲ့ teamwork ပုံစံမျိုးကစား ရတာ။ ဒီကစားနည်းက တစ်ဦးချင်းစွမ်းဆောင်ရည်အပေါ်မှာလည်း မူတည်တယ်။ kiteboarding ကစား နည်းကတော့ လေတိုက်နှုန်း ကောင်းတဲ့ ကမ်းခြေတွေမှာ လုပ်လို့ရတယ်။ ဒီလိုပြိုင်ပွဲတွေကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။

မင်းမင်း(မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်) windsurfing ကစားနည်းလက် ထောက်နည်းပြ

အရင်တုန်းက Stand Up Paddle (SUP) နဲ့ Kiteboarding ပြိုင်ပွဲတွေ ကို ယူကျု့စ်ကနေ download ဆွဲပြီး လေ့လာရတယ်။ လေ့ကျင့်ရတယ်။ ဒီကစားနည်းတွေကရွက်လှေကစား နည်းနဲ့ကွာတယ်။ Kiteboard ကစား နည်းက လက်နဲ့လှော်ရတယ်။ လှိုင်း ကြည့်ရတယ်။ လှိုင်းစီးရတယ်။ ပြိုင်နေ တဲ့ တစ်ယောက်က ကိုယ့်ရှေ့ရောက် နေပေမယ့် လှိုင်းမမိလို့ သူ့နောက်က တစ်ယောက်က လှိုင်းမိသွားလို့ ကျော်သွားရင်လည်း နိုင်သွားတတ်တယ်။ ဒီလို ကစားနည်းတွေကနိုင်ငံခြား သားတွေ စိတ်ဝင်စားတဲ့ ကစားနည်း တွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ဒီကစားနည်းတွေ ရောက်လာတာ ကောင်းပါတယ်။ နိုင်ငံခြားမှာပဲ ရှိတာမဟုတ်ဘဲ ကိုယ့်မြန်မာနိုင်ငံမှာ လည်းရှိလာတော့ ကျွန်တော်တို့ ရွက်လှေအဖွဲ့လည်း တိုးတက်သလို မြန်မာနိုင်ငံအတွက်လည်း ခရီးသွား လုပ်ငန်းကအစ အားလုံးတိုးတက် လာမှာပါ။ ။

No comments:

Post a Comment