Thursday, October 29, 2015

အဘိဓမ္မာအခါတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စေတီ၊ ပုထိုးများ၌ ဘုရားဖူးများ စည်ကား



The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၂၈

ဝါလကင်းလွတ်သည့် သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားအမှူးပြုသော စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာပရိသတ်တို့အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို အကျယ်နည်းဖြင့် မိန့်မြွက် တော်မူခြင်းပြီးဆုံး၍ သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာ ပရိသတ်များခြံရံကာ ပြန်လည်ကြွချီတော်မူသဖြင့် လူပရိသတ်တို့က ကြိုဆိုဖူးမြော်ခြင်းကို အကြောင်းပြု၍ ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် ဆီမီးရောင်စုံတို့ ထွန်းညှိပူဇော်ကာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော်တွင် (၉)ကြိမ်မြောက် ပဋ္ဌာန်း သိမ်းအောင်ပွဲအခမ်းအနားကိုကျင်းပခဲ့ပြီး ဘုရားကိုးဆူ၊ ကိုးခမ်းကြီးဘုရား၊ အောင်မင်းခေါင်ဘုရား၊ ဇိဏမာန်အောင်၊ မင်းဝံတောင်ဘုရား၊ စူဠာမဏိဘုရားများနှင့် လယ်ဝေးမြို့နယ် ဖောင်တောင်ချက်မ၊ ရန်အောင်မြင် ရွှေလက်လှဘုရားနှင့် တပ်ကုန်းမြို့နယ်ရှိ ဘုရားပုထိုးများတွင် ဘုရားဖူးများနှင့် စည်ကားလျက်ရှိပြီး နေအိမ်များတွင်လည်း ဆီမီး၊ မီးရောင်စုံများ ထွန်းညှိပူဇော်ကြသည်။

အထူးသဖြင့် နေပြည်တော် သတ္တသတ္တာဟ ဗုဒ္ဓဂယာဘုရားတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် အထူးစည်ကားလျက်ရှိသည့်အပြင် နေပြည်တော် ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိုင်းရင်း သားကျေးရွာ၊ ရေပူစမ်းတို့တွင်လည်း အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment