Thursday, October 29, 2015

ရမည်းသင်းမြို့တွင် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ




The Mirror Daily's photo.
ရမည်းသင်း အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့၏ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်ဘုရားကြီး အကျိုးတော် ဆောင်အဖွဲ့က စီစဉ်ကျင်းပသော နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကို သီတင်းကျွတ်လပြည့်နေ့က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲကို ရမည်းသင်းမြို့တွင် စဉ်ဆက်မပြတ် ကျင်းပလာခဲ့ရာ (၁၇)ကြိမ်ပြည့် မြောက်ခဲ့ပြီဟုသိရပြီး နှစ်ကျိပ်ရှစ်ဆူ ဘုရားပင့်ဆောင်ကြသော ကားများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်များ၊ အလှူရှင်များ၊ အသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ၊ ကုမ္ပဏီများ၊ ပရဟိတအသင်းအဖွဲ့များက ပုံစံအမျိုးမျိုးပြုလုပ်၍ ကားများပေါ်တွင် ပလ္လင်တင်ကာ ယင်းပလ္လင် ပေါ်မှ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပင့်ဆောင်ပြီး ထီးဖြူ၊ ရွှေထီး၊ တံခွန်၊ ကုက္ကား၊ ဘုရားပန်းကုံး၊ သာသနာ့ အလံများ၊ ရောင်စုံမီးစကြ်ာစက်ဝိုင်းများဖြင့် အလှဆင်ကာ သာယာငြိမ့် ညောင်းသော ဓမ္မတေးသံသာများ ဖွင့်၍ မြို့တွင်းရပ်ကွက်အသီးသီး သို့ လှည့်လည်အပူဇော်ခံခြင်း ဖြစ်သည်။

ယင်းသို့ လှည့်လည်ရာတွင် သီတင်းကျွတ်လပြည့်နေ့ ညနေ ၃ နာရီတွင် စုရပ်ဖြစ်သော ရန်အောင်မြင် သာသနာ့ဗိမာန်ရှေ့မှစ၍ ဘုရားပင့် ဆောင်သောကားများ စတင်အပူဇော် ခံထွက်ရှိသည်ဖြစ်ရာ ရပ်ကွက်အတွင်းနေ ပြည်သူများက ကြည်ညို ဖူးမြော်၍ နဝကမ္မဝတ္ထုငွေနှင့်အတူ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သစ်သီးမျိုးစုံတို့ကို ဆက်ကပ်လောင်းလှူကြသည်။

ယခုနှစ်တွင် ထူးခြားစွာဖြင့် မန္တလေးမြို့မ တေးဂီတနှင့်အတူ နန်းခင်မွှေး၊ မိုးမင်း၊ အောင်ကျော်ဆန်း၊ ဇာနည်အောင် စသည့် အဆိုတော်များက ဧည့်ခံဖျော်ဖြေကြရာ မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

''အရင်နှစ်ကထက် ပိုပြီးစည်ကား တယ်လို့ ပြောရမယ်။ တစ်နှစ်ထက် တစ်နှစ် ဘုရားပင့်ဆောင်ကြတဲ့ အဖွဲ့ တွေကလည်း ဒီနှစ်ကျိပ်ရှစ်ဆူပူဇော် ပွဲမှာ အားတက်သရောပါဝင်လာတာကို တွေ့ရတယ်။ တစ်မြို့လုံး လှည့်လည် အပူဇော်ခံတဲ့အတွက် များစွာ စိတ်ချမ်းမြေ့စရာ ကောင်းပါတယ်''ဟု အသက် (၇ဝ)ကျော် အဘိုးတစ်ဦးက ပြောသည်။

ယင်းသို့ နှစ်ကျိပ်ရှစ်ဆူ လှည့်လည် ပူဇော်ပွဲမှရရှိသော လှူဒါန်းငွေ အစုစုတို့ကို ရမည်းသင်းမြို့ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင် ဘုရားကြီး ဘက်စုံမွမ်းမံပြုပြင်တည် ဆောက်ရေးလုပ်ငန်းရပ်များအတွက် အသုံးပြုသွားသည်ဟု သိရသည်။
လှိုင်သန်းတင့်(ရမည်းသင်း)

No comments:

Post a Comment