ရန်ကုန် အောက်တိုဘာ ၂၉
အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့အစည်း ရှစ်ဖွဲ့ပါဝင်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ Joint Monitoring Committee” (JMC) ပထမနေ့ ဆွေးနွေးပွဲကို ယနေ့စတင်ကျင်းပသည်။အဆိုပါ အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်း ရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)၌ ကျင်းပခဲ့ခြင်းဖြစ် သည်။
အစိုးရနှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့တို့ အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agree-ment” (NCA) ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည် တော်၌ လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲ အပြီး အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းမှ ၁၇ ရက်အထိ နေပြည်တော်၌ ပင်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေး“Joint Implementation Coordination Meeting” (JICM)ကို ဆက်လက်ကျင်းပခဲ့သည်။ ယင်းညှိနှိုင်းအစည်းအဝေးတွင် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ “Joint Monitoring Committee” (JMC)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ “Union Peace Dialogue Joint Committee” (UPDJC) တို့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယနေ့ ကျင်းပသည့် JMC အစည်းအဝေးပထမနေ့ အဖွင့်နှုတ် ခွန်းဆက်စကားတွင် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ယနေ့ ကျင်းပသည့် အစည်းအဝေး သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ၏ ဖွဲ့စည်းပုံ၊ နှစ်ဖက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း (COC) များကို အဓိကထား ဆွေးနွေးပြီးဖြစ်ကြောင်း၊ နှစ်ဖက် လိုက်နာရမည့် စည်းမျဉ်းစည်း ကမ်းများကို နှစ်ဖက်အဖွဲ့အစည်း များက အကြမ်းအားဖြင့် ရေးဆွဲ ထားပြီးဖြစ်သောကြောင့် JMC တွင် COC ကို အဆင်ပြေစွာ ရေး ဆွဲနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အစိုးရ၏ မူဝါဒသည် NCA ကို အထိရောက်ဆုံး အကောင်အထည် ဖော်ရန် ဆုံးဖြတ်ထားပြီးဖြစ် ကြောင်း၊ ယနေ့ အစည်းအဝေးတွင် JMC အတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီး စတင်အကောင်အထည် ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊JMC အကောင်အထည်ဖော်မှု ကြောင့် အောက်ခြေ၌ ဖြစ်ပွား လျက်ရှိသည့် တိုက်ပွဲများကို လျှော့ ချသွားနိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ ကိုယ်စား ကရင်အမျိုးသားအစည်း အရုံး (KNU)မှ စောအိုင်းဇက်က ''အစိုးရအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲခဲ့ တဲ့ တိုင်းရင်းသား ရှစ်ဖွဲ့ကနေ JMC ကို အဓိကတာဝန်ယူရမယ့်အချိန် ဖြစ်ပါတယ်။ အောက်ခြေမှာ တိုက်ပွဲ တွေမဖြစ်ဘဲ နည်းပါးသွားအောင်၊ တစ်ဖက်မှာလည်း တိုက်ပွဲတွေ မဖြစ် လာအောင် ကြိုတင်တားဆီးဖို့နဲ့ ဖြစ်လာခဲ့ရင်လည်း အချိန်မီတားဆီး နိုင်အောင် JMC ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော် တို့ရဲ့အလုပ်အဖွဲ့ဖြစ်နေတဲ့ နိုင်ငံရေး မူဘောင် ဖော်ဆောင်ရေးနဲ့ နိုင်ငံ ရေးဆွေးနွေးပွဲ စတင်နိုင်ဖို့ လုပ် ဆောင်နေတဲ့ အဖွဲ့တွေအတွက် အနှောင့်အယှက် မဖြစ်အောင် JICM မှာ အဓိက တာဝန်ရှိနေပါ တယ်။ JICM အောင်မြင်မှုကနေ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီကို တက်လှမ်း သွားနိုင်ဖို့ ကြိုးစားသွားရမယ်လို့ ထင်ပါတယ်။NCA ထိုးပြီးတဲ့ အချိန် ကစပြီး ၁၄ ရက်အတွင်းမှာ သူ့ အချိန်ဇယားအတိုင်းကို သွားနေ တယ်''ဟု အဖွင့်နှုတ်ခွန်းဆက်စကား တွင် ပြောကြားသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ “Joint Monitoring Committee” (JMC)တွင် အစိုးရဘက်မှ ကိုယ်စား လှယ် ၁ဝ ဦးနှင့် အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများက ကိုယ်စားလှယ် ၁ဝ ဦး စီပါဝင်သည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကို ဖွဲ့စည်းရာတွင် ပြည် ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဒေသန္တရ အဆင့်ဟူ၍ ဖွဲ့စည်းသွားမည်ဖြစ် သည်။ ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် JMC ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ ကို အဓိကထားဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးကို အောက်တိုဘာ ၃ဝ နှင့် ၃၁ ရက်များတွင် ဆက် လက် ကျင်းပသွားမည်ဖြစ်သည်။
ယနေ့ အစည်းအဝေးသို့ အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ၊ ဗိုလ်ချုပ် ထွန်းထွန်း နောင်၊ ဗိုလ်ချုပ်မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ဗိုလ်မှူးကြီး ဝဏ္ဏ အောင်၊ MPC မှ အထူးအကြံပေး ဦးလှမောင်ရွှေ၊ အစီအစဉ် ညွှန်ကြား ရေးမှူး ဒေါက်တာမင်းဇော်ဦး၊ ဥပဒေအကြံပေး ဒေါက်တာဆလိုင်းငွန်ကျုံးလျန်နှင့် တွဲဖက်အစီအစဉ် ညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။
တိုင်းရင်းသား ကိုယ်စားလှယ် များအဖြစ် ကရင်အမျိုးသားအစည်း အရုံး (KNU)မှ စောအိုင်းဇက်နှင့် ပဒိုစောတာဒိုမူး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -ငြိမ်း ချမ်းရေးကောင်စီ (KNLA-PC)မှ စောနေစိုးမြ၊ ချင်းအမျိုးသားတပ်ဦး(CNF)မှ ဒေါက်တာ ရွှေခါးရ်၊ ဒီမို ကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)မှ စောကျော် သန်းဌေး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)မှ ခွန်အောင်မန်း၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF) မှ ဆလိုင်းယောအောင်၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ခိုင်မျိုးချစ်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မှ ဆောင်းဟန်နှင့် စိုင်းလျန်းအပါအဝင် အလုပ်အဖွဲ့ဝင်များ တက်ရောက်ကြ သည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ပထမနေ့ အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မြန်မာ့သတင်း စဉ်က အစည်းအဝေးတက်ရောက် လာကြသူများအား JMC နှင့် ပတ် သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်။
စောတာဒိုမူး
(ဗဟိုအလုပ်အမှုဆောင်ကော်မတီ)
ကရင်အမျိုးသားအစည်းအရုံး
(KNU)
မေး ။ ဒီနေ့ ဆွေးနွေးပွဲမှာ ဘယ်လို
အကြောင်းအရာ တွေကို အဓိကထား ဆွေးနွေးခဲ့ပါသလဲ။
ဖြေ ။ NCA စာချုပ်မှာ ၁၄ ရက်
မြောက်မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ JMC ကို အကောင် အထည်ဖော်ဖို့ဆိုတာပါတယ်။ ဒါကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဒီနေ့ ဆွေးနွေးတာလည်း ပါပါတယ်။ နေပြည်တော်မှာ JICM ဆိုတဲ့ အစည်းအဝေးကနေ တိုင်းရင်းသား ဘက်က ၁ဝ ဦးနဲ့ နိုင်ငံတော်အစိုးရ ဘက်က ၁ဝ ဦးဆိုပြီး ကော်မတီ တစ်ခုဖွဲ့ထားတယ်။ တကယ်တော့ အဲ့ဒီကော်မတီက (JMCU) ပါ။ ဒီမှာ နှစ်ဖက်က လက်ခံတဲ့ပုဂ္ဂိုလ်တွေဆို ပြီး အဓိကကတော့ အရပ်သားတွေ ထပ်ထည့်ပေါင်းဖို့ရှိတယ်။ နောက် JMC နဲ့ပတ်သက်တဲ့ဖွဲ့စည်းပုံနဲ့ လုပ် ငန်းဆောင်တာတွေကိုလည်း ဆွေး နွေးဖို့ရှိမယ်။ JMC ရဲ့ ပြည်ထောင်စု အဆင့်မှာရှိရမယ့် ဖွဲ့စည်းပုံတစ်ခုကို ဒီမနက်ဆွေးနွေးမှုမှာ ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
မေး ။ ဒါဆိုရင် နှစ်ဖက်လက်ခံတဲ့
ပုဂ္ဂိုလ်တွေကို ဘယ်နှဦးရွေး ချယ်မလဲ။ ဘယ်သူတွေကို ရွေး ချယ်မလဲ။
ဖြေ ။ လောလောဆယ် ကတော့
ပြီးခဲ့တဲ့ JICM အစည်း အဝေးထဲမှာ ကျွန်တော်တို့ တစ်ဖက် က ကိုယ်စားလှယ်သုံးဦးစီ ရွေးချယ် ဖို့ဆိုတာမျိုး အခြေခံပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ သုံးဦးစီ ဆိုတော့ ကျွန်တော်တို့ဘက်ကတော့ နည်းများ နည်းမလား။ ဒါကို ပြန်ပြီး ညှိနှိုင်းဆွေးနွေးဖို့ သဘော ထားရှိတယ်။ ပြည်သူတွေဘက်က လည်း ပိုမိုပါဝင်လိုတဲ့ သဘောထား ရှိတယ်။ အပစ်အခတ်ရပ်စဲရေးက လည်း ပြည်သူတွေပါဝင်ခြင်း အား ဖြင့် ပိုမိုတည်တံ့ခိုင်မြဲမယ်လို့ ကျွန် တော်တို့မြင်တယ်။ ဒါ့ကြောင့် လူဦး ရေ အတိအကျကိုတော့ ပြန်လည် ဆွေးနွေးဖို့ရှိပါမယ်။ ရွေးချယ်မှာ ကတော့ ဂုဏ်သရေရှိဖြစ်မယ်။ ဘက်မလိုက်ဘဲနဲ့ မှားရင်မှားတယ်၊ မှန်ရင်မှန်တယ် ပြောဆိုရဲတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ရမယ်။ နိုင်ငံအပေါ်၊ သူရဲ့ community ထဲမှာ credit ကောင်းကောင်းတွေ ရထားတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ဖို့လိုပါတယ်။ အများလေးစားတဲ့ ပုဂ္ဂိုလ်ဆိုတဲ့ ဟာမျိုး ပါပါလိမ့်မယ်။
ခွန်ဆေကျိုင်ယင် (အကြံပေး)
ရှမ်းပြည် ပြန်လည်ထူထောင်ရေး
ကောင်စီ (RCSS)
မေး ။ JIC ကို ဘယ်လိုပုံစံနဲ့ ဖွဲ့
စည်းထားသလဲ။ ဒီနေ့ဆွေး နွေးပွဲမှာ ဘာအကြောင်းအရာတွေ ကို အဓိကထားပြီး ဆွေးနွေးကြ မှာပါလဲ။
ဖြေ ။ JICM မှာ ကျွန်တော်က
အကြံပေးတစ်ဦးဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းကတော့ JMC ရဲ့ ဖွဲ့စည်းပုံကိုပဲ အဓိကထားပြီး ဆွေး နွေးပါတယ်။ ဖွဲ့စည်းပုံမှာ အဆင့် သုံးဆင့်ပါမယ်။ JMC ကို ပြည် ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့် ဆိုပြီးရှိမယ်။ လောလောဆယ်မှာ ပြည်ထောင်စု အဆင့်မှာပဲ ရှိပါသေးတယ်။ ပူးတွဲ စောင့်ကြည့်ရေးကော်မတီဆိုတော့ အဓိကလုပ်ငန်းကို လုပ်ရမှာက အတွင်းရေးမှူးတို့၊ တွဲဖက်အတွင်း ရေးမှူးတို့ဖြစ်တဲ့အတွက် ဒီနေ့ ဆွေးနွေးရာမှာ ဘယ်နှယောက် ထားမလဲ။ ဘယ်တာဝန်ပေးမလဲ စသည်ဖြင့် ဆွေးနွေးခဲ့တယ်။ လောလောဆယ်ဖွဲ့ထားတာက အစိုးရ ဘက်က ၁ဝ ဦးနဲ့ တိုင်းရင်းသား ဘက်က ၁ဝ ဦးပါ။ ဘယ်သူက ဥက္ကဋ္ဌဖြစ်မယ်၊ ဘယ်သူကဒုတိယ ဥက္ကဋ္ဌ ဖြစ်မယ်ဆိုတာတော့ မရွေး ရသေးပါဘူး။ မနက်ဖြန်မှာတော့ သိ ကောင်း သိနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
မေး ။ NCA စာချုပ်အပေါ်မှာ
ဘယ်လောက်ယုံကြည်ချက် ရှိပါသလဲ။
ဖြေ ။ ဒီနေ့ ဆွေးနွေးပွဲမှာ
တပ်မတော်ဘက်က အခု လောလောဆယ်မှာ အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမယ် လိုက်နာသွား မယ်လို့ပြောတယ်။ TOR (Terms of Reference) လို့ခေါ်တဲ့ အပစ် ရပ်ဖို့ ပူးတွဲကော်မတီကို ဖွဲ့ရာမှာ ဘယ်လို စနစ်နဲ့ဖွဲ့မလဲ။ ဘယ်လို စည်းမျဉ်းတွေနဲ့ ဖွဲ့မလဲဆိုတာ မပြီးသေးဘူး။ နောက်ပြီးတော့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေမှာ တစ်ဖက်နဲ့တစ်ဖက် တပ်တွေ ဘယ်လို ဆက်ဆံရေးတည်ဆောက် ကြမလဲ။ လူထုကို ဘယ်လိုဆက်ဆံ ကြမလဲဆိုတာ မပြီးသေးတော့ လောလောဆယ်မှာ လုံးဝဥဿုံစိတ်ချ ရတဲ့အနေအထားတော့ မဟုတ်သေး ဘူး။ ဒါပေမယ့် JMCတွေ အဆင့် ဆင့်ဖွဲ့ပြီးရင်၊ လိုက်နာရမယ့် စည်း မျဉ်းတွေ ချမှတ်ပြီးရင်၊ စစ်ဘက် ဆိုင်ရာ ကျင့်ဝတ်တွေလည်း သတ် မှတ်ပြီးရင်တော့ လူထုအခြေပြု အဖွဲ့အစည်းတွေလည်း ပါဝင်လာ မယ်။ နိုင်ငံတကာ လေ့လာသူတွေ နဲ့ နည်းပညာအထောက်အကူပြု သူတွေပါ ပါဝင်လာချိန်မှာတော့ ၇၅ ရာခိုင်နှုန်းလောက် စိတ်ချလာ ရမယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ပြီး နှစ်ဖက်သဘောတူညီ နိုင်တဲ့ ရလဒ်ရပြီဆိုရင်တော့ ၁ဝဝ ရာခိုင်နှုန်း စိတ်ချနိုင်မယ်လို့ ကျွန် တော် ပြောချင်ပါတယ်။
ဦးလှမောင်ရွှေ
မေး ။ JMC အစည်းအဝေးဟာ
ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကောင်အထည်ဖော်ရာမှာ ဘယ်လို အထောက်အကူပြုပါသလဲ။ ဒီ အစည်းဝေးတွေဟာ ဘယ်လောက် အရေး ပါပါသလဲ။
ဖြေ ။ JMCဟာ အရေးကြီးပါ
တယ်။ ရှေ့မှာလာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားတဲ့ ကာလတစ်လျှောက်လုံးမှာ လက် မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း တွေနဲ့ ပဋိပက္ခတွေကိုလျှော့ချဖို့နဲ့ နောက်ဆုံးမှာ ရပ်ဆိုင်းဖို့အတွက် အသေးစိတ် ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေ၊ နောက်ဒီ JMC မှာ အရပ်သား ခြောက် ယောက် ပါပါတယ်။ နောင်မှာ တိုင်းရင်းသားတွေဘက်က အဆိုပြု တဲ့ သုံးဦး၊ အစိုးရဘက်ကသုံးဦးနဲ့ ၂၆ ဦး ပါဝင်တဲ့ကော်မတီ ပြည် ထောင်စုအဆင့်မှာ ဖြစ်လာပါလိမ့် မယ်။ ဒါကို JMCU လို့ခေါ်မယ်။ ဒါပြီးရင် ပဋိပက္ခရှိတဲ့ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေမှာ JMCS ဆိုပြီး ဆက်ဖွဲ့မယ်။ ဒီလို တိတိ ကျကျ ဆောင်ရွက်ရမယ့် တာဝန်၊ ရုံးအဖွဲ့၊ အလုပ်အဖွဲ့တွေကို ဒီနေ့ စပြီးတော့ ဆွေးနွေးတာပါ။
JMC မှာ နှစ်ဖက်အဖွဲ့ဝင် တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ လည်း ပါဝင်မှာ ဖြစ်တဲ့အတွက် JMC ဟာ ရှေ့ကိုသွားမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက်ကို အများ ကြီး အထောက်အကူပြုမယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ ပြည်ထောင်စုဘက်မှ တပ်မတော် က အဓိကတာဝန်ယူမယ်။ ကျန်တဲ့ သူတွေက ပံ့ပိုးပေးမယ့် အနေအထား ပါ။ တိုင်းရင်းသားတွေဘက်မှာ လည်း တပ်ပိုင်းတာဝန်ယူတဲ့သူတွေ က အဓိက ပါမှာပါပဲ။

သတင်းနှင့်အင်တာဗျူ - မြတ်သန္တာမောင်
ဓာတ်ပုံ - အငယ်လေး
ဓာတ်ပုံ - အငယ်လေး
No comments:
Post a Comment