Friday, October 30, 2015

တက်ခုတ် ၊ တက်ပျံယိမ်းများနှင့် ရောင်စုံမီးကြာခွက်လေးများဖြင့် အထူးစည်ကားစွာ ကျင်းပခဲ့သည့် ရွှေကျင်သီတင်းကျွတ်မီးမျှောပူဇော်ပွဲ



The Mirror Daily's photo.


သတင်း - ကိုသက်(ဗိုလ်တထောင်)၊ ရာမည
ဓာတ်ပုံ - ဌေးအောင်

မြန်မာနိုင်ငံ၏ ၁၂ လရာသီပွဲတော်များရှိသည့်အနက် သီတင်းကျွတ်မီးထွန်းပွဲတော်ကို နိုင်ငံတစ်ဝန်း၌ ကျင်းပသည့် ဓလေ့ရှိကြသည်။ ပွဲတော်များကျင်းပသည့် ဓလေ့များအနက် တစ်နိုင်ငံလုံးသိရှိကြသည့် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့၏ သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော်သည် တစ်ခုအပါအဝင်ဖြစ်သည်။

ရွှေကျင်မြို့ သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော်ကို သီတင်းကျွတ်လဆန်း ၇ ရက်မှ သီတင်းကျွတ်လပြည့် ကျော် ၂ ရက်အထိ နှစ်စဉ်ပုံမှန်ပြုလုပ်လေ့ရှိရာ အနယ်နယ်အရပ်ရပ်နှင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးများ လာရောက်ကြသည်။ ဘုရားဖူးများလာရောက်မှုသည် လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့များတွင် အထူး စည်ကားများပြားသလို မီးမျှောပူဇော်ပွဲပြုလုပ်သည့် လပြည့်ကျော် ၁ ရက် ညနေပိုင်းတွင် ရွှေကျင်မြို့ ကမ်းနားလမ်းတစ်လျှောက် ဘုရားဖူးများ ကြက်ပျံမကျ အထူးစည်ကားလျက်ရှိသည်။

ရွှေကျင်မြို့ မီးမျှောပူဇော်ပွဲသည် ထင်ရှားကျော်ကြားရခြင်းမှာ မည်သည့်ဒေသများနှင့်မျှ မတူသော ရွှေကျင်မြို့၏ အဓိကရိုးရာယဉ်ကျေးမှုအလှများဖြစ်သည့် တက်ခုတ်၊ တက်ပျံယိမ်းများနှင့် ညနေပိုင်းအချိန် မီးကြာခွက်များ ရွှေကျင်ချောင်းအတွင်း စိတ်ကြည်နူး ပျော်ရွှင်ဖွယ်ကောင်းအောင် လှပသည့် ဆီမီးပူဇော်သော မြင်ကွင်းများကြောင့်ဖြစ်သည်။

မီးမျှောပွဲတော်ကို ကုန်းဘောင်ခေတ်နှောင်းပိုင်းမှ စတင်ကာ ခေတ်အဆက်ဆက်ကိုဖြတ်ကျော်၍ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးစိတ် ဖြင့် ထိန်းသိမ်းခဲ့ရာ ယနေ့ထိတိုင်ဖြစ်သည်။

ထင်ပေါ်ကျော်ကြားသည့် ရိုးရာယဉ်ကျေးမှု အကများဖြစ်သော တက်ခုတ်၊ တက်ပျံယိမ်းတို့တွင် ခြားနားချက်များရှိပြီး တက်ခုတ်ယိမ်းတွင် အဖွဲ့ဝင် အင်အား ၂ဝ မှ ၂၄ ဦးထိသာပါဝင်ပြီး အမျိုးသမီးများသာ ပါဝင်ရကာ စည်းကမ်းချက် ကိုးချက်ရှိသည်။ တက်ပျံယိမ်း တွင် အမျိုးသား/အမျိုးသမီး ၂ဝ မှ ၂၄ ဦးထိ ပါဝင်ပြီး စည်းကမ်းချက် ၁၁ ချက်ပါဝင်သည်။

ယခုနှစ် (၁၆၄)နှစ်မြောက် ရွှေကျင်မြို့ သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်၌ ယိမ်းအက ခုနစ်ဖွဲ့၊ တက်ပျံယိမ်း ငါးဖွဲ့၊ တက်ခုတ်ယိမ်းလေးဖွဲ့ စုစုပေါင်း ၁၆ ဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယိမ်းအကအဖွဲ့များသည် စက်လှေနှစ်စင်း ပေါ်ဝါးဖောင်ထိုးမဏ္ဍပ်ပြုလုပ်သလို တက်ခုတ်၊ တက်ပျံ ယိမ်းအဖွဲ့များက စက်လှေတစ်စင်းတည်းပေါ်တွင် အလှဆင်၍ အသီးသီးယှဉ်ပြိုင်ကြသည်။

မီးမျှောပူဇော်ပွဲတော်၏ ပြိုင်ပွဲနှင့်ဆုပေးပွဲရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရွှေကျင်ချောင်းအတွင်း ယှဉ်ပြိုင်မည့် ၁၆ ဖွဲ့စလုံး စနစ်တကျစီတန်းပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ အလှည့်ကျ ယှဉ်ပြိုင်သည့် မြင်ကွင်းက ထူးခြားလှပေသည်။

ထိုသို့ ယိမ်းအဖွဲ့များ ယှဉ်ပြိုင်နေစဉ်မှာ တချို့ ယိမ်းလှေကြီးများ၌ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များနှင့် ဒေသခံအဆိုတော်များ၏ ဖျော်ဖြေမှုများပါဝင်သလို လာရောက်ကြည့်ရှုအားပေး သူများက နံနက်ပိုင်းကတည်းကပင် ပြည့်နှက်စည်ကားနေလျက်ရှိသည်။

ယှဉ်ပြိုင်ဖျော်ဖြေမှုကို တစ်နေကုန်ပြုလုပ်ပြီးသည်နှင့် ဆုပေးပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။ အခမ်းအနား မပြုလုပ်မီ အချိန်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အခမ်းအနား ခေတ္တရပ်နားခဲ့သည်။ မိုးတိတ်သည်ဆိုသည်နှင့် ဆုပေးပွဲဆက်လက်ကျင်းပခဲ့သည်။

ဆုပေးပွဲကျင်းပနေချိန်မှာပင် အနောက်မှနေလုံးကြီး ပျောက်ကွယ်စပြုသည်နှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မှုက ကောင်းကင်တစ်ခုလုံး ရောင်စဉ်တန်းများဖြင့် သာယာလှပလျက်ရှိနေသည်။

ကြည်လင်အေးမြသော ရွှေကျင်ချောင်းရေပြင်၌ တစ်စတစ်စနှင့် မီးကြာခွက်များတဖြည်းဖြည်းများလာပြီး ရွှေကျင်မြို့ မီးမျှောပွဲတော်ကို ကျော်ကြားထင်ရှားစေသည့် အထင်ကရမြင်ကွင်း ပေါ်ပေါက်လာခဲ့သည်။ ရွှေကျင်ချောင်းရေပြင်ပေါ် ၌ နှစ်စဉ်ပူဇော်ပွဲအစဉ်အလာဖြစ်သည့် လှော်ကားလှေတော်ကြီးမှ ဦးဆောင်ကာ ရှင်ဥပဂုတ္တ မထေရ်မြတ် ကရဝိက်ဖောင်တော်အား စည်တော် ရေယာဉ်ဖောင်၊ ဓမ္မစကြာလှေများဖြင့် ချောင်းအတွင်း လက်ယာရစ်သုံးကြိမ် လှည့်လည်အပူဇော်ခံ၍ ရှင်ဥပဂုတ္တ မထေရ်မြတ်ဖောင်တော်ကို ရေမျှောပွဲပြုလုပ်ခဲ့သည်။

မည်သည့်ဒေသနှင့်မျှမတူသော မီးမျှောပွဲတော်ကို မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုး စိတ်၊ တွယ်တာခင်မင်စိတ်များ အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် အမျိုးသားယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်း သွားရမည်ဟု ထင်မိပါသည်။

No comments:

Post a Comment