Friday, October 30, 2015

တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ ရလဒ်ကောင်းများ ဆက်လက်ရှင်သန်တိုးတက်စေရေး နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်


 နေပြည်တော် အောက်တိုဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဒေါက်တာသန်းအောင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈နာရီခွဲက အထူးလေယာဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ငပုတောမြို့သို့ ဆက်လက် ထွက်ခွာရာ ဒေသခံပြည်သူများက လမ်းတစ်လျှောက်မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ငပုတောမြို့သို့ရောက်ရှိကြရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူများက လမ်းဘေးဝဲယာမှ ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတသည် မြို့နယ်အုပ်ချုပ်ရေး မှူးရုံးသို့ရောက်ရှိရာ တာဝန်ရှိသူ များက မြို့နယ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။ ရှင်းလင်းတင်ပြချက်များ အပေါ် နိုင်ငံတော်သမ္မတက လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ယင်းနောက် ငပုတောမြို့ရှိ ရွှေမြင်တင်ဘုရားအား သွားရောက် ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပြီး အလှူငွေ များ ပေးအပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရေယာဉ်ဖြင့် အုပ်ရှစ်ကွင်းကျေးရွာ သို့ ရောက်ရှိရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ငပုတောမြို့တစ်ဖက်ကမ်း အုပ်ရှစ် ကွင်း ကျေးရွာမှ ပုသိမ်-မော်တင်လမ်း မိုင်တိုင်အမှတ် ၃၈ သို့ ဆက်သွယ် သည့် အရှည်(၁၂)မိုင်ရှိ အုပ်ရှစ်ကွင်း-သဇင်ကွင်း-ပုသိမ်-မော်တင် ကျောက် ချောလမ်း ဖောက်လုပ်ပြီးစီးမှု အခြေ အနေကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည် အုပ်ရှစ်ကွင်းကျေးရွာ၌ လာရောက်ကြိုဆိုနှုတ်ဆက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ငပုတောမြို့နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်း တံတားနှင့် ဆက်သွယ်ရေးကဏ္ဍများ၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍ အလိုက် ပြုပြင်ပြောင်းလဲဆောင်ရွက် ခဲ့မှုများနှင့် ရရှိခဲ့သည့် အောင်မြင်မှု ရလဒ်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ အနေဖြင့်လည်း မိမိတို့ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် မျိုးဆက်သစ်များကို ပညာ တတ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရန်နှင့် မိမိတို့ရရှိပြီးဖြစ်သော တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအခြေအနေ ရလဒ် ကောင်းများကို ဆက်လက်ရှင်သန် တိုးတက်စေရေး နိုင်ငံတော်အစိုးရ နှင့်အတူ တက်ညီလက်ညီဖြင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် မြကျွန်းသာအိမ်ရာ စီမံကိန်းလုပ်ငန်းခွင်၌ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)

No comments:

Post a Comment