Friday, October 2, 2015

ပတ္တမြား FM(၆)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား ကျင်းပ




The Mirror Daily's photo.


ရန်ကုန် အောက်တိုဘာ ၁

ပတ္တမြား FM (၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား Audio Book လှူဒါန်းပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၁ ရက်ကJunction Square Promotion Area ၊ Aqua Hall တွင် ယနေ့ညနေ ၃ နာရီက ကျင်းပခဲ့သည်။

ယခုနှစ် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ မျက်မမြင်ကျောင်းများသို့ Audio Book လှူဒါန်းခြင်း၊ အလှူငွေပေးအပ်ခြင်း၊ ရန်ကုန်မြို့ ခဝဲခြံနှင့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းများရှိ ကျောင်းသား ကျောင်းသူ ဦးရေ ၁ဝဝ ကျော်အား နေ့လယ်စာနှင့် ညစာကျွေးမွေးခြင်းတို့အပြင် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ ကျပ်သိန်းနှစ်ဆယ်ငါးသောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ပတ္တမြားFM ကို ၂ဝဝ၉ ခုနှစ် သြဂုတ်လတွင် စတင် စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် အတည်ပြုထုတ်လွှင့်ခဲ့သည်။ ၂ဝ၁ဝ ခုနှစ် မတ်လနှင့် ဧပြီလ တွင် မန္တလေးနှင့်မုံရွာမြို့တို့၌ ဂီတကြယ်ပွင့်ရှာပုံတော် အဆိုပြိုင်ပွဲများ၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် The Challenge of Top Presenter ပြိုင်ပွဲနှင့် ချစ်သူများနေ့၊ ခရစ္စမတ်နေ့များတွင်မူ နိုင်ငံကျော်တေးသံရှင်များ၊ အက အဖွဲ့များဖြင့် ကျင်းပခဲ့သည်။

ထို့ပြင် ၂ဝ၁၄ ခုနှစ်တွင် ပတ္တမြား FM(၅)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအထိမ်းအမှတ်အဖြစ် Padamyar FM Radio To Live Road Show CD ၊ DVD အခွေအား ထုတ်လုပ်ဖြန့်ဖြူးခြင်း စသည့်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လူမှုအကျိုးပြုလုပ်ငန်းများ အနေဖြင့်လည်း နှစ်စဉ်အောက်တိုဘာ ၁၅ ရက် မျက်မမြင် လမ်းလျှောက်တုတ်နေ့တွင် တီရှပ်လှူဒါန်းခြင်းနှင့် ပူးပေါင်း လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပတ္တမြား FM ကို ဖမ်းယူနားဆင်လိုပါက ရန်ကုန်မြို့ တွင် 88.2 MHz ၊ နမ္မား၊ ဗန်းမော်၊ မြစ်ကြီးနား၊ စစ်ကိုင်း၊ ကသာ၊ မန္တလေး စသည့် မြို့များတွင် 88.9 MHz ၊ ကန့်ဘလူ၊ မုံရွာမြို့တွင် 88.6 MHz ၊ နေပြည်တော်တွင် 89.5 MHz ၊ ပုပ္ပားမြို့တွင် 90.7 MHz ၊ ပဲခူးနှင့် ပြည်မြို့တို့တွင် 91.3MHz ၊ တောင်ကြီးမြို့တွင် 92.2 MHz နှင့် မော်လမြိုင်မြို့တွင် 92.5 MHz ဖြင့် ဖမ်းယူနားဆင်နိုင်ပြီဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး နားဆင်နိုင် စေရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။ ပတ္တမြား FM ကို Mobile Application ဖြင့် ရယူလိုပါက www.padamyarfm.com တွင် Android နှင့် iOS နှစ်မျိုးလုံးအတွက် အခမဲ့ဒေါင်းလုပ်ရယူနိုင်ပြီ ဖြစ်သည်။
(သတင်း-ခင်ဇာလီ၊ ဓာတ်ပုံ-ဖိုးခွား)

No comments:

Post a Comment