Friday, October 2, 2015

ရန်ကုန်-ပြည်ရထားလမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်လျက်ရှိ




The Mirror Daily's photo.
ပြည် အောက်တိုဘာ ၁

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားဌာနမှ ရထားစီး ခရီးသည်များ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ကြစေရေးအတွက် ရထား လမ်းပိုင်းများ အဆင့်မြှင့်တင်ပြုပြင် ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်-ပြည် ရထားလမ်းပိုင်းအား အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်လျက် ရှိသည်။

ထိုကဲ့သို့ ရန်ကုန်-ပြည်ရထား လမ်းပိုင်းအား အဆင့်မြှင့်တင်ပြုပြင် ဆောင်ရွက်လျက်ရှိရာတွင် မြန်မာ့ မီးရထား အင်ဂျင်နီယာမှူး(မြို့ပြ) တိုင်း(၇) ရန်ကုန်နယ်မြေဖြစ်သော ရန်ကုန်-ပြည်လမ်းပိုင်းရှိ တညင်းကုန်း-ငဖြူကလေးဘူတာကြားဖြစ်သည့် ခရီး မိုင်အရှည် ၄၈ မိုင် လမ်းပိုင်းအား ယခင် သစ်သားဇလီဖားတုံးများနေရာတွင် ကွန်ကရစ်ဇလီဖားတုံးများ အစားထိုး လဲလှယ်ခြင်း၊ လမ်းခင်းကျောက်များ ဖြည့်တင်းခြင်း၊ သံလမ်းများကို ဂဟေဆက်၍ Welded Rails ဖြင့် ညက်ညောမှုရှိစေရန် ပြုပြင်ဆောင်ရွက် ခြင်းနှင့် လမ်းမြှောက်ပက်ကင်ရိုက်ခြင်း လုပ်ငန်းများကို လုပ်သားအင်အားများဖြင့် လည်းကောင်း၊ ခေတ်မီ စက်ကိရိယာများဖြင့် လည်းကောင်း ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

၂ဝဝ၄ ခုနှစ်မှ လက်ရှိ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း တညင်းကုန်း- ငဖြူကလေးလမ်းပိုင်းရှိ သစ်သားဇလီဖားတုံးများ နေရာ၌ ကွန်ကရစ်ဇလီဖားတုံး အရေအတွက် ၁၂၃၂၉၅ တုံးအား လဲလှယ် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပြီး ရထားလမ်းပိုင်းကြံ့ခိုင်ရေးအတွက် လမ်းခင်း ကျောက် ဖြည့်တင်းခြင်းလုပ်ငန်းအရ ၁၇၅၇၂ ဒသမ ၈၁ ကျင်းအား ချယူ ဖြည့်တင်း ဆောင်ရွက်ပြီးစီးခဲ့ကာ သံလမ်းဂဟေဆက်ခြင်းအား ၅ ဒသမ ၈၁ မိုင် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်အတွင်း ရန်ကုန်-ပြည်လမ်းပိုင်းရှိ ရထားလမ်းပိုင်း ကြံ့ခိုင်မှုအားနည်း သည့်နေရာများတွင် ALL TM စက်ကြီး ဖြင့် ပက်ကင်ရိုက်ခြင်းလုပ်ငန်းအားလက်ရှိအနေအထားအရ မိုင် ၂ဝ ဆောင်ရွက်ပြီးစီးခဲ့သည်။

အလားတူ ရန်ကုန်-မန္တလေး လမ်းပိုင်းအား ရထားလမ်းပိုင်းများ အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်လျက် ရှိရာ တိုင်း(၇) ရန်ကုန်နယ်မြေဖြစ် သော ရန်ကုန်-ကော်ချဲလမ်းပိုင်း၌ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် လမ်းခင်းကျောက်များ ဖြည့်တင်းခြင်း လုပ်ငန်းအရ ကျင်းပေါင်း ၁၅ဝဝ ဖြည့်တင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိ လမ်းခင်းကျောက်များ ဖြည့်တင်းခြင်းလုပ်ငန်းအရ ကျင်းပေါင်း ၁ဝ၇၄ ဒသမ ၂၆ ကျင်းအား ဖြည့်တင်း ဆောင်ရွက်ပြီးစီးခဲ့ကာ ALL TM ပက်ကင်စက်ဖြင့် ပက်ကင်ရိုက်ခြင်း လုပ်ငန်းအတွက် ၅၁ ဒသမ ၂၃ မိုင် အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိ ၃၇ ဒသမ ၃၆ မိုင်အား ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။

ထို့အပြင် ရန်ကုန်-ပြည်ရထား လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးရထား လမ်းပိုင်းရှိ ကြံ့ခိုင်မှုအားနည်းသည့် နေရာများအား ဆက်လက်အဆင့် မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါလမ်းပိုင်း နှစ်နေရာရှိ စုန်/ ဆန် ရထားပြေးဆွဲခြင်းများ အချိန် မှန်ကန်ရေးအတွက် မိုင်နှုန်းတိုးမြှင့် မောင်းနှင်နိုင်ရေးနှင့် ရထားစီး ခရီးသည်များ စိတ်ချမ်းမြေ့စွာသွားလာ နိုင်ကြစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထား အင်ဂျင်နီယာမှူး (မြို့ပြ) တိုင်း(၇) ရန်ကုန်နယ်မြေမှ စုံစမ်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ(စိုးဝင်း-MLA)
)

No comments:

Post a Comment