Friday, October 2, 2015

စက်တင်ဘာလအတွင်း တရားမဝင်မြန်မာအလုပ်သမား ၂၉၉ ဦးကို ထိုင်းကပြန်လည်လွှဲပြောင်း




The Mirror Daily's photo.


တာချီလိတ် အောက်တိုဘာ ၁

ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာလူမျိုး အမျိုးသား ၂၁၃ ဦး၊ အမျိုးသမီး ၈၆ ဦး စုစုပေါင်း ၂၉၉ ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက စက်တင်ဘာလ တစ်လအတွင်း တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁)တွင် လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့မှ သိရသည်။

အဆိုပါ လာရောက်လွှဲပြောင်းပေးအပ်သူများအနက် အမျိုးသား ၁၅၊ အမျိုးသမီး ခုနစ်ဦးတို့မှာ ထိုင်းနိုင်ငံ ချင်းရိုင်း၊ ဖယောင်း၊ တပ်ဒ်၊ မယ်ဖလုံတို့မှ အလုပ်လုပ်ကိုင်နေကြစဉ် ထိုင်းတာဝန်ရှိသူများ၏ ဖမ်းဆီးအရေးယူခြင်း ခံရကြောင်းသိရသည်။ အဆိုပါ လာရောက်လွှဲပြောင်းသူများအနက် တရားမဝင်သွားရောက်သူ အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး၊ နယ်မြေကျော်သွားရောက်သူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦး၊ နယ်မြေကျော်နေထိုင်သူ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ဖြစ်ကြပြီး ထိုင်းတာဝန်ရှိသူများ၏ ရှောင်တခင် စစ်ဆေးချက်အရ ဖမ်းဆီး အရေးယူခြင်း ခံရသည်။

အဆိုပါ တရားမဝင်အလုပ်သမားများသည် မွန်ပြည်နယ်မှ တစ်ဦး၊ ရခိုင်ပြည်နယ်မှ တစ်ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရှစ်ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ခြောက်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ နှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ နှစ်ဦး၊ မကွေးတိုင်းဒေသကြီးမှ တစ်ဦးဖြစ်သည်။ အခကြေးငွေရယူကာ စည်းရုံးပို့ဆောင်ပေးသူများ မရှိဘဲ ၎င်းတို့၏ ဆန္ဒဖြင့် ကိုယ်တိုင်သွားရောက် အလုပ်အကိုင်ရှာဖွေလုပ်ကိုင် နေကြသူများဖြစ်ကြောင်း စိစစ်သိရှိရ၍ လွှဲပြောင်းအလုပ်သမား ၂၂ ဦးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင်များက လူကုန်ကူးမှုအန္တရာယ်နှင့် မြန်မာနိုင်ငံအတွင်း ပွင့်လင်းလာသည့် အလုပ်အကိုင်အခွင့်အလမ်းများ အကြောင်း ရှင်းလင်းပြောကြားကာ တစ်ဖက်နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ လူ့အခွင့်အရေး ဆုံးရှုံးမှုနှင့် လုပ်အားခေါင်းပုံဖြတ်ခံရမှုတို့အား သင်ခန်းစာယူကြရန် တိုက်တွန်းအားပေးစကားပြောကြားပြီး မြို့နယ်အုပ်ချုပ် ရေးမှူးရုံး၏ အစီအစဉ်ဖြင့် ၎င်းတို့၏ ဆွေမျိုးများထံ ခံဝန်ဖြင့် စက်တင်ဘာ ၃ဝ ရက် မွန်းလွဲ ၂ နာရီခွဲက အပ်နှံခဲ့ကြောင်း သိရသည်။


မော်ကြီး(တြိဂံနယ်မြေ)

No comments:

Post a Comment