Thursday, October 29, 2015

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ရန်ကုန်မြို့ရှိ ဘုရားစေတီကျောင်းကန်များ၌ ကုသိုလ်ပြုမှုတို့ဖြင့်ဝေစီ




The Mirror Daily's photo.
ရန်ကုန် အောက်တိုဘာ ၂၈

ယနေ့သည် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သည့် နေ့ထူးနေ့မြတ်အခါသမယနေ့တစ်နေ့ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင် သည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားအား ကျေးဇူးဆပ် သောအားဖြင့် အဘိဓမ္မာခုနစ်ကျမ်းကို တာဝတိံသာနတ်ပြည်၌ ဝါတွင်း သုံးလ (ရက်ပေါင်း ၉ဝ လုံးလုံး)ဟောကြားတော်မူပြီး မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် နတ်ပြည်မှ လူ့ပြည်သို့ ပြန်လည် ကြွချီတော်မူသည့် နေ့ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ပူဇော်သည့်အနေဖြင့် နိုင်ငံအနှံ့မြို့ရွာများရှိ ဘုရားကျောင်းကန်စေတီပုထိုးများ၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနား များကျင်းပပြီး ရောင်စုံဆီမီးများဖြင့် ထွန်းညှိပူဇော်ခြင်း၊ မီးမြင်းမိုရ်ပွဲအခမ်း အနားများ ဆင်ယင်ကျင်းပခြင်း၊ ရဟန်း၊ သံဃာတော်များက ပဝါရဏာပွဲများ ကျင်းပကြသည်။

ရွှေတိဂုံစေတီတော်၌ ၁၃၇၇ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)အခမ်းအနားများကို ယနေ့နံနက်ပိုင်းမှစ၍ ရင်ပြင်တော်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်။ ရှေးဦးစွာ နံနက် ၆ နာရီတွင် ရင်ပြင်တော် တောင်ဘက်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ဆီမီး၊ ပန်း၊ရေချမ်းနှင့် သစ်သီးဆွမ်းများ ကပ်လှူပြီး သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကို ကျင်းပသည်။

ထို့နောက် နံနက် ၉ နာရီခွဲတွင် ဝါတွင်းသီလခံယူပွဲနှင့် ဆွမ်းသိမ်းအောင်ပွဲ အခမ်းအနားကို ကျင်းပပြီး ညနေပိုင်းတွင် ရင်ပြင်တော်တောင် ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များ တန်ဆောင်းရှေ့ စုရပ်မှစတင်၍ ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ကာ ဘာသာရေး အသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ၊ ဘုရားဖူးလာပြည်သူများက စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ် ဆီမီးစေတီများ လှည့်လည်ပူဇော်ပြီး တာဝတိံသာ မီးမြင်းမိုရ်ပွဲ အခမ်းအနားကို အရှေ့ဘက်စောင်းတန်း တော်အတွင်း၌ ရွှေတိဂုံစေတီတော် မြတ်အား ရောင်စုံဆီမီးများဖြင့် ထွန်းညှိပူဇော်ကြသည်။

မရမ်းကုန်းမြို့နယ်ဓမ္မပါလ ကုန်းတော်တွင် တည်ထားကိုးကွယ်တော်မူသော ဝရဒါဌာ ဓာတုစေတိယ စွယ်တော် မြတ်စေတီတော် (ရန်ကုန်)၏ (၁၈)ကြိမ်မြောက် အဘိဓမ္မာ အခါတော်နေ့ ဓမ္မပူဇာအခမ်းအနားကို စေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၇၇ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ အခမ်းအနားကို စေတီတော် ဂန္ဓကုဋိတိုက်အတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ နံနက် ၈ နာရီတွင် မာဂဓီသာစည် ဆရာတော်၏ တပည့်များက အဘိဓမ္မာအခါတော်နေ့ ဓမ္မ ဒေသနာတော်များကို ရွတ်ဆိုပူဇော်၍ ဝတ်အသင်းအဖွဲ့များက အဘိဓမ္မာအခါတော်နေ့ ဝတ်ရွတ်စဉ်များကို ညနေပိုင်းထိ ရွတ်ဆိုပူဇော်ကြပြီး ည ၆ နာရီတွင် စေတီတော် အရဟံ ရင်ပြင်၌ ဂေါပကအဖွဲ့ဝင်များ၊ စွယ်တော်မြတ်စေတီ သာသနာ့ဝေယျာဝစ္စ အသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းနှင့် ဘုရားဖူးလာ ပြည်သူများက ဗုဒ္ဓရှင်တော်မြတ်အား ရည်မှန်းကာ စေတီတော်မြတ်အား ဆီမီး ၉ဝဝဝ စုပေါင်းထွန်းညှိပူဇော်ကြသည်။

ဆဋ္ဌသင်္ဂါယနာတင် သာသနာ့ သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍ ၁၃၇၇ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ဓမ္မပူဇာ မင်္ဂလာအခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ အေးစေတီတော် အာရုံခံတန်ဆောင်း အပေါ်ထပ်၌ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်း(၂၁)သင်းမှ အသင်းသား၊ အသင်းသူများဖြင့် ကျင်းပသည်။

အလားတူ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်စေတီတော်၌ သီတင်းကျွတ် လပြည့် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ် မီးထွန်းပူဇော်ပွဲနှင့် (၃၈) ကြိမ်မြောက် ပဝါရဏာပွဲကို ကျင်းပသည်။ရှေးဦးစွာ နံနက်အရုဏ်တွင် စေတီတော်ကြီးအား သစ်သီး၊ မုန့်၊ ပန်း၊ရေချမ်း၊ ဆီမီးတို့ဖြင့် ဆက် ကပ်ပူဇော်လှူဒါန်းပြီး ညနေ ၃ နာရီ တွင် စေတီတော်သြဝါဒါစရိယ ဆရာတော်များဦးဆောင်ကာ စေတီတော်ဝင်းအတွင်း ပုရိမဝါမှ ထတော်မူကြ သောသံဃာတော်များအား ပဝါရဏာ ပွဲကျင်းပသည်။ ညပိုင်းတွင် စေတီတော်ရင်ပြင်၌ စေတီတော်ဂေါပက အဖွဲ့က ဦးဆောင်ကာ ဝတ်အသင်းအဖွဲ့ဝင်များ၊ ဘုရားဖူးလာပြည်သူများက ဗုဒ္ဓဘုရားရှင်အား ရည်မှန်းပူဇော်သောအားဖြင့် ရောင်စုံဆီမီးများဖြင့် စေတီတော်ကြီးကို ထွန်းညှိပူဇော်ကြသည်။

အလားတူ အဘိဓမ္မာပြန့်ပွားရေး အသင်းက ကြီးမှူးကျင်းပသည့် (၆၇) ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ ပူဇော်ပွဲကို မွန်းလွဲ ၁ နာရီတွင် ဗဟန်း မြို့နယ် ကြားတောရလမ်းနှင့် ကမ္ဘာ အေးဘုရားလမ်းထောင့်ရှိ ရွှေကျင်နိ ကာယသာသနာလင်္ကာရ ဓမ္မဗိမာန် တော်ကြီး၌ ကျင်းပသည်။ ည ၇ နာရီတွင် သီတဂူဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ (Ph.D,D.Litt)က အဘိဓမ္မာအခါတော်နေ့ ဆိုင်ရာ ဓမ္မဒေသနာတော်ကို ဟောကြားချီးမြှင့်တော်မူသည်။

ထို့အတူ ရန်ကုန်မြို့ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီ၊ ဆူးလေစေတီ၊ လောကချမ်းသာ အဘယလာဘမုနိကျောက်တော်ကြီး ဘုရား၊ မဟာဝိဇယစေတီ၊ ကိုးထပ်ကြီး ဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ မယ်လမုစေတီ၊ ကျိုက္ကလို့ကျိုက်ကလဲ့ဘုရား၊ ဥက္က လာပစေတီ၊ မြို့ဦးစေတီ စသည့် မြို့နယ်များရှိ ဘုရားစေတီများ၌ သက်ဆိုင်ရာဂေါပကအဖွဲ့များက ဦးဆောင် ကာ အဘိဓမ္မာအခါတော်နေ့ အခမ်း အနားကျင်းပခြင်း၊ ဝတ်အသင်းသား၊ အသင်းသူများက ဓမ္မဒေသနာတော် များကို ရွတ်ဆိုပူဇော်ခြင်းဖြင့် ဓမ္မပူဇာ အခမ်းအနားများကို ကျင်းပကြသည်။
သီတင်းကျွတ်ကာလတွင် မြတ်ဗုဒ္ဓ ဘုရားရှင်က မယ်တော်မိနတ်သားအား ကျေးဇူးဆပ်သကဲ့သို့၊ ရဟန်းသံဃာ တော်များက အပြစ်ရှိလျှင် ခွင့်လွှတ် တော်မူပါရန် ရဟန်းတစ်ပါးနှင့် တစ်ပါး ပဝါရဏာပြု တောင်းပန်သကဲ့ သို့၊ သားသမီးများက မိဘ ဘိုးဘွားများအား လည်းကောင်း၊ ငယ်ရွယ်သူများက မိဘ ဆရာသမားများအား လည်းကောင်း အပြစ်ရှိလျှင် ခွင့်လွှတ်ပါရန် တောင်းပန်ကန်တော့ကြသကဲ့ သို့ မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအပြုမူကောင်းကို လူကြီးများက လူငယ်များကို လက်ဆင့်ကမ်း ပေးဝေနေသည့် ပုံရိပ်ကို တွေ့မြင်ရသည်။

သီတင်းကျွတ်လပြည့်နေ့သည်အစိုးရ ရုံးပိတ်ရက်ဖြစ်သည့် အားလျော်စွာ ဘုရားကျောင်း ကန်များ၌ အဘိဓမ္မာအခါတော်နေ့ ဓမ္မဒေသနာသံများဖြင့် လွှမ်းခြုံနေ သကဲ့သို့ ဥပုသ်သီတင်း သီလခံယူ ဆောက်တည်သူများ၊ ပန်းခြံ၊ ဥယျာဉ်၊ ကစားကွင်းအသီးသီး၌ မိသားစု အလိုက်၊ တစ်ဦးချင်းအလိုက်၊ အစု အဖွဲ့အလိုက် ပျော်ရွှင်စွာ အနားယူ အပန်းဖြေကြသည့် ပြည်သူများ၏ ပျော်ရွှင်ဖွယ်ရာ အသံများကလည်း ဘဝဂ်ထိတိုင် ပျံ့လွင့်နေသည်။

ညပိုင်းတွင် ဌာနဆိုင်ရာရုံး အဆောက်အအုံများ၊ မြို့နယ်၊ရပ်ကွက်များရှိ ဆွမ်းလောင်းဓမ္မာရုံများ၊ လမ်းများ၊ နေအိမ်များ၌ ဗုဒ္ဓမြတ် ဘုရားရှင်အား ရည်မှန်းပူဇော်သောအားဖြင့် ရောင်စုံဆီမီးများဖြင့် ထွန်းညှိပူဇော်ထားသည်ကို ကြည်နူး ဖွယ်ရာပုံရိပ်များအဖြစ် မြင်တွေ့ရသည်။
(သတင်းစဉ်)

No comments:

Post a Comment