Thursday, October 29, 2015

ဗိုလ်ချုပ်လမ်းမှ ဟံသာဝတီလေဆိပ်(ပဲခူး)အထိ ဖောက်လုပ်ရန် လျာထားဆောင်ရွက်နေသည့် အထပ်မြင့်အမြန်လမ်းမကြီး




The Mirror Daily's photo.


သတင်းအဖွဲ့
ဓာတ်ပုံ - ဆောက်လုပ်ရေး

ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှစ်ခုနှင့် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုတို့ အကျိုးတူပူးပေါင်း၍ ရန်ကုန်မြို့တွင်း အထပ်မြင့်အမြန်လမ်းမကြီး(Elevated Highway)ကို Public Private Partanarship(PPP)စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကနဦးအဆိုပြုချက် (Concept proposal) ပထမအဆင့်ကို ဆောက်လုပ်ရေးဝန်ကြီး ဌာနသို့ တင်ပြထားကြောင်း သိရသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ(JICA)က ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံချက်(၂ဝ၄ဝ တွင် ဖြစ်ပေါ်ဖွံ့ဖြိုးတိုးတက်လာ ရမည့်အစီအစဉ်များ) (YUTRA 2040)၌ ရန်ကုန် မြို့တွင်းပတ်လမ်း (Inner Ring Road)နှင့် မြို့ပြင် ပတ်လမ်း(Outer Ring Road)စီမံချက်များ ပါဝင်ကြောင်း သိရပါသည်။ ယခုစီမံကိန်းသည် မြို့တွင်း ပတ်လမ်း(Inner Ring Road)၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်ပါသည်။ ယာဉ်ကြောပိတ်ဆို့မှုကြီးစွာ ဖြစ်ပေါ်နေသော လမ်းများတစ်လျှောက်အတွက် အထပ်မြင့် အမြန်လမ်းမကြီး (Elevated Highway) တည်ဆောက်၍ ရှင်းလင်းကျော်လွှားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

ပထမအဆင့် အဆိုပါစီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရေကျော်လမ်းဆုံအလွန်မှ မင်္ဂလာဒုံဥယျာဉ် စက်မှုမြို့အထိ ၂ဝ ဒသမ ၅ ကီလို မီတာ အရှည်ရှိသော လေးလမ်းသွား တံတားပထမအဆင့်အဖြစ် တည်ဆောက်ပြီး ဒုတိယအဆင့်အဖြစ် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဆက်သွယ်ဆောင်ရွက်ရန် လျာထားသော စီမံကိန်းဖြစ်ပါသည်။
ဤစီမံကိန်းကို ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံ Yooshin ကုမ္ပဏီမှ စီမံကိန်းဖြစ်မြောက်နိုင်ရေး အကြိုလေ့လာမှု (Pre-Feasibility Study)ဆောင်ရွက်ခဲ့ပြီး ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံ တည်ဆောက်ရေး ကုမ္ပဏီများဖြစ်သည့် Lotte E&C နှင့် Halla Corporation၊ မြန်မာနိုင်ငံမှ Capital Diamond Star Group (CDSG)ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပါဝင်ကာ Operator အဖြစ် Korea Expressway Corporation မှ ဆောင်ရွက်မည့် Yangon Urban Expressway Development Project ဖြစ်ပါသည်။

စီမံကိန်းအချက်အလက်များ

စီမံကိန်းအမည်မှာ Yangon Urban Expressway Development Project (Phase I)ဖြစ်ပါသည်။
အကောင်အထည်ဖော်မည့် အစီအစဉ်မှာ အစိုးရနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိကကုမ္ပဏီများ ပူးတွဲဆောင်ရွက်မှု အစီအစဉ်ဖြစ်ပါသည်။

စီမံကိန်းတန်ဖိုး (ပမာဏခန့်မှန်းခြေ)မှာ အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့် ဖြစ်ပါသည်။

စီမံကိန်းအဆိုပြု လမ်းကြောင်း အနေဖြင့် ဗိုလ်ချုပ်လမ်းတွင် ရေကျော်လမ်းဆုံအလွန်မှ စတင်၍ ပုဇွန်တောင် လမ်းမကြီးအတိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ကို ဖြတ်၍ သုဝဏ္ဏတံတားလမ်းဆုံသို့ ဦးတည်ကြောင်း သိရပါသည်။
သုဝဏ္ဏလမ်းဆုံသို့ မရောက်မီ မြန်မာ့ဂုဏ်ရောင်အိမ်ရာအနီးတွင် ရန်ကုန်-မန္တလေး ရထားလမ်းကို အပေါ်မှဖြတ်ကျော်ပြီး အမျိုးသား အားကစားရုံနှစ်ခုကြားမှ ဝင်၍ ဝေဇယန္တာလမ်းကို ဆက်သွယ်မည် ဖြစ်သည်။
လမ်းတစ်လျှောက် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့နယ်များကို ဖြတ်သန်းပြီး အောင်မင်္ဂလာ အဝေးပြေးဂိတ်အလွန် မင်္ဂလာဒုံ ဥယျာဉ် စက်မှုမြို့တွင် အဆုံးသတ်ပါမည်။

တည်ဆောက်မှုအခြေခံများ

လမ်းအရှည်မှာ ၂ဝ ဒသမ ၅ ကီလိုမီတာဖြစ်ကာ လမ်းအကျယ်- လေးလမ်းသွား ၁၈ မီတာဖြစ်ပါသည်။
လမ်းခွန်ကောက်မည့် နေရာကို သုံးနေရာ သတ်မှတ်ထားပြီး တံတား ပေါ် အတက်/အဆင်းနေရာ-၁၅ နေရာရှိမည်ဖြစ်ပါသည်။

တည်ဆောက်ရေးကာလကို ငါးနှစ် ဟု အဆိုပြုတင်ပြထားသော်လည်း ခွင့်ပြုချက်ရရှိပါက စီမံကိန်းလုပ်ငန်းခွင် အပိုင်းသုံးပိုင်းအား တစ်ပြိုင်တည်း တည်ဆောက်ခြင်းဖြင့် ဆောလျင်စွာ ပြီးစီးနိုင်မည်ဖြစ်ကြောင်း တင်ပြထားပါသည်။
အပိုင်း(၁)ပိုင်း တည်ဆောက်ပြီးစီး ပါက ယင်းအပိုင်းအား ချက်ချင်းဖွင့်လှစ်အသုံးပြုနိုင်ရန်လည်း ရည် ရွယ်ထားကြောင်း သိရပါသည်။

လမ်းအသုံးပြုခသတ်မှတ်ခြင်း

ကနဦးနှုန်းထားကို အပိုင်း(၃)ပိုင်းတွင် (၁)ပိုင်းစီအတွက် ယာဉ် တစ်စီးလျှင် အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသော ငွေကောက်ခံရန် လျာထားပြီး လမ်းအစအဆုံး ဖြတ်သန်း ပါက စုစုပေါင်း သုံးဒေါ်လာ ကျသင့်ပါမည်။ အတက်အဆင်းအတွက် အမေရိကန် ၁ ဒသမ သုညဒေါ်လာ နှုန်းကောက်ခံရန် တင်ပြထားပါသည်။
နိုင်ငံတော်ထည့်ဝင်ငွေ လျာထားသော နိုင်ငံတော်ထည့်ဝင်ငွေမှာ ၂ဝ ရာခိုင်နှုန်းဖြစ်ပြီး နိုင်ငံတော် ထည့်ဝင်ငွေ (Subsidy) အတွက် သက်သာသော အတိုးနှုန်းဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (ODA Loan) ဖြင့် ချေးငွေ ရယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဤစီမံကိန်းမှာ နိုင်ငံတော်အစိုးရနှင့် ကိုရီးယားနိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီကြီးများ၊ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီများ အကျိုးတူ ပူးပေါင်းသည့် Public Private Partnership (PPP) စနစ်ဖြင့် ပူးတွဲ ဆောင်ရွက်မည့် အစီအစဉ်ဖြစ်ပါသည်။
ယခုတင်ပြသည့် ကနဦးအဆိုပြုချက် (Concept Proposal)ကို ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီကြီးများ တင်ပြလာ ခြင်းအပေါ် ဆောက်လုပ်ရေးဝန်ကြီး ဌာနက လေ့လာသုံးသပ်မှုများ၊ ညှိနှိုင်းမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။

အသေးစိတ်အချက်အလက်များကို ညှိနှိုင်းအတည်ပြုချက်ရရှိပါကလည်း ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မကြာခင် အချိန်ကာလတွင် အထပ်မြင့် အမြန်လမ်းမကြီး (Elevated Highway) များ ရန်ကုန် မြို့တော်အတွင်း ပေါ်ထွန်းလာတော့ မည်ဖြစ်ပါသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် ရန်ကုန်မြို့နေ ပြည်သူတို့၏ လူမှုစီးပွားဘဝထိခိုက်မှုများကို အမြန်ဆုံးဖြေလျှော့ပေး နိုင်ရေး၊ အာဆီယံနိုင်ငံများအတွင်း မိမိနိုင်ငံ၏ မြို့ကြီးများ၌ နိုင်ငံတကာ အဆင့်မီတံတားများ ပေါ်ထွန်းလာ ခြင်းဖြင့် မြို့ကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရေး၊ ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည်နှင့်အမျှ နိုင်ငံတကာ ကုန်စည်စီးဆင်းမှုများကို လွယ်ကူချောမွေ့စေခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို အလျင်အမြန်ဝင်ရောက် လာစေနိုင်ရေးတို့အတွက် ယခုကဲ့သို့ အထပ်မြင့် အမြန်လမ်းမကြီး တည်ဆောက်ရန် လျာထားတင်ပြလာခြင်းဖြစ်ရာ အနာဂတ် ရန်ကုန်မြို့၏ မြင်ကွင်းကို မြင်ယောင်မိရင်း ကျေနပ်သဘောကျနေမိပါတော့သည်။

No comments:

Post a Comment