Thursday, October 29, 2015

29.10.2015...ကြေးမုံ စာတည်းရှုထောင့်






ဒြပ်မဲ့ယဉ်ကျေးမှုဖော်ထုတ်

မြန်မာနိုင်ငံတစ်ဝန်း အထင်အရှားဖြစ်တည်နေသော ရှေးဟောင်းအမွေ အနှစ်များမှာ ဒြပ်ရှိယဉ်ကျေးမှုများဖြစ်သည်။ ယင်းသမိုင်းအမွေအနှစ်ကို မြတ်နိုးတန်ဖိုးထားသူများက ထိန်းသိမ်းစောင့်ရှောက်ကြသည်။ အများ ပြည်သူတို့တွင် မြတ်နိုးတန်ဖိုးထားသူများရှိသည်။ အပန်းဖြေဗဟုသုတအဖြစ် လေ့လာကြသူများမှာ များသည်။ ပါဝင်ထိန်းသိမ်းစောင့်ရှောက်သူတို့မှာ နည်းမည်ဖြစ်သည်။

ဒြပ်ရှိယဉ်ကျေးမှုများမှာ အကျိုးများထင်ရှား၍ အလေးထားထိန်းသိမ်းနိုင်ကြသည်။ ဒြပ်မဲ့ယဉ်ကျေးမှုများမှာမူ အကောင်အထည်အခိုင်အခံ့ရှိသည့် ဒြပ်ဝတ္ထုမျိုးမဟုတ်သဖြင့် အလေးထားမှုအားနည်းနေသည်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့် အရေးတကြီးထိန်းသိမ်းသင့်သော ဒြပ်မဲ့ယဉ်ကျေးမှုများနှင့် အရေးတကြီးမဟုတ်သော်လည်း ထိန်းသိမ်းသင့်သည့် ဒြပ်မဲ့ယဉ်ကျေးမှုများဟူ၍ ယနေ့ရှိလာသည်။

ရှင်သန်နေသော လက်ဆင့်ကမ်း ယဉ်ကျေးမှုအမွေအနှစ်များကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ယူနက်စကိုက သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် တစ်ကျောင်း၊ တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှုများပေါများလှသည်။ နိုင်ငံအတွင်း မြို့ရွာဒေသအလိုက် မတူကွဲပြားမှုများသာမက တိုင်းရင်းသား လူမျိုးစုပေါင်း တစ်ရာကျော်ရှိနေခြင်းကလည်း ဒြပ်မဲ့ယဉ်ကျေးမှုများ ပေါများခြင်းအကြောင်းဖြစ်လာသည်။

မျက်မှောက်ကာလ အနောက်တိုင်းယဉ်ကျေးမှုများ တိုက်စားလာသော အချိန်အခါတွင် ဒြပ်ရှိယဉ်ကျေးမှုများ ပျောက်ပျက်ရန်ခက်ခဲသော်လည်း ဒြပ်မဲ့ယဉ်ကျေးမှုများ တိမ်ကောပပျောက်လာမည်ကို စိုးရိမ်ကြရမည်ဖြစ်သည်။ ဒြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရာတွင် ဒြပ်ရှိယဉ်ကျေးမှုကဲ့သို့ စစ်မှန်မှု ကိုသာ တန်ဖိုးထားအကဲဖြတ်ရန်မလိုအပ်ဘဲ ရပ်ရွာအသိုက်အဝန်း၏ တန်ဖိုးထားမှုနှင့် လက်ဆင့်ကမ်းအမွေဆက်ခံနိုင်မှုများကလည်း အရေးပါသည်။

အမှန်တွင် ဒြပ်ရှိယဉ်ကျေးမှုဟူသည်မှာ ရုပ်ပိုင်းဆိုင်ရာသတ်မှတ်ချက်ဖြစ်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာသတ်မှတ်ချက်ဖြစ်သည်။ ထို့ကြောင့် ဒြပ်မဲ့ယဉ်ကျေးမှုများမှာ အကြမ်းအားဖြင့် အရေးပါမှုအဆင့်မြင့်သော်လည်း စိတ်ဝင်စားမှုအဆင့်မှာလည်း မြင့်သည်။ သိပ္ပံနည်းကျ အတည်မယူနိုင်သော်လည်း မြန်မာမှုနယ်ပယ်တွင်မူ အလေးထားအသိအမှတ်ပြုနေဆဲ ဖြစ်သည်။

လူမှုအသိုက်အဝန်းအတွင်း ယနေ့ထက်တိုင် တန်ဖိုးထားမှုနှင့် လက်ဆင့်ကမ်းပေးဝေမှုကိုအခြေခံသည့် နှုတ်ပြောပုံပြင်များ၊ အက္ခရာတင်ခြင်းနှင့် ရိုးရာအားကစားနည်းများ၊ သုခုမအနုပညာ-ရိုးရာဓလေ့-လူမှုကျင့်ဝတ်-ရိုးရာ ပွဲတော်၊ စကြဝဠာနှင့် သဘာဝမှပေးသောအသိဥာဏ်၊ လက်မှုအနုပညာ ဟူသည့် ကဏ္ဍငါးရပ်ကို ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် သတ်မှတ်ထားသည်။
ဒြပ်မဲ့ယဉ်ကျေးမှုနှင့်ပတ်သက်၍ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း တိမ်ကောပါးလျားလာသည်မှာ အမှန်ဖြစ်သည်။ မျက်မှောက်ခေတ်လူငယ် လူရွယ်များအနေဖြင့် အဆိုပါဒြပ်မဲ့ယဉ်ကျေးမှုများကို ယုံကြည်လက်ခံမှု အားနည်းလာသောအချိန်ဝယ် အနောက်တိုင်းယဉ်ကျေးမှု ထိုးဖောက်ဝင် ရောက်လာသောကြောင့် တိမ်ကောပပျောက်သွားမည်ကို စိုးရိမ်ရသည်။ ဒြပ်မဲ့ယဉ်ကျေးမှုများကို သိမီသောသူများအဖို့ မြန်မာမှုနယ်ပယ်အတွက် နှစ်လိုဖွယ်အချင်းအရာများဖြစ်သည်ကို သိရှိနားလည်ထားကြပြီးဖြစ်သည်။

ထို့ကြောင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းကောက်ယူခြင်း လုပ်ငန်းကို ယဉ်ကျေးမှုဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၁၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် ယူနက်စကို မူအတိုင်း ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ယူနက်စကိုနှင့် ပူးပေါင်း၍ အင်းလေးဒေသရှိ ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းများကို ကောက်ယူနေသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရာတွင် ရပ်ရွာပြည်သူ လူထုပူးပေါင်းပါဝင်မှုက အရေးကြီးသည်။ ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ အရပ်ဒေသတစ်ခု၏ ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်သဖြင့် အခြားအဖွဲ့အစည်းက ဆောင်ရွက်ခြင်းထက် မိမိကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုကို မိမိတို့ကိုယ်တိုင် ဝိုင်းဝန်းဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ ။

No comments:

Post a Comment