Thursday, October 29, 2015

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမည်



The Mirror Daily's photo.


ဝါရှင်တန် အောက်တိုဘာ ၂၈

အမေရိကန်-ပစိဖိတ်ဒေသစစ်ဌာနချုပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟားရစ်က တရုတ်ကာကွယ်ရေးထိပ်တန်း အရာရှိများနှင့် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာများဆွေးနွေးရန် လာမည့်ရက်သတ္တပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းသတင်းများအရ သိရသည်။

ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟားရစ်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၂ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်းနှင့် တရုတ်ကာကွယ်ရေးထိပ်တန်းအရာရှိများနှင့် ကာကွယ်ရေးဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။ နှစ်နိုင်ငံရေတပ်ဖွဲ့များအကြား မလိုလားအပ်သည့် ပဋိပက္ခများကိုရှောင်ရှားရန် အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်ထားပြီးဖြစ်ကြောင်း အမေရိကန်စစ်ဘက်မှ ရပ်တည်ချက်ကို ၎င်းကဆက်လက်ပြောကြားခဲ့သည်။ အမေရိကန်ရေတပ်စစ်သင်္ဘော တစ်စင်း တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံတည်ဆောက်ထားသည့် ကျွန်းတုများအနီး ရေမိုင် ၁၂ မိုင်ခန့်အကွာအဝေးတွင် ခုတ်မောင်းမှုမပြုမီအချိန်ကတည်းက အဆိုပါနှစ်နိုင်ငံကာကွယ်ရေး ဆိုင်ရာဆွေးနွေးမှုကို လုပ်ဆောင်ရန်စီစဉ်ထားပြီးဖြစ်ကြောင်းသိရသည်။

အမေရိကန်စစ်သင်္ဘော တောင်တရုတ်ပင်လယ်အတွင်း ခုတ်မောင်းခဲ့သည့်ဖြစ်ရပ်တွင် ညွှန်ကြားမှုပေးခဲ့သည့်ရေတပ်အရာရှိ များအနက် ရေတပ်ဗိုလ်ချုပ်ကြီး ဟားရစ်သည်တစ်ဦးအပါအဝင် ဖြစ်သည့်အတွက် အဆိုပါကိစ္စရပ်ကို ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး သွားဖွယ်ရှိကြောင်း အင်န်အိတ်ခ်ျကေသတင်းဌာနမှ သတင်းထောက် တစ်ဦးက ဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment