Thursday, October 29, 2015

မန္တလေးမြို့တော်တွင် တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးပြည်သူ ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိ



The Mirror Daily's photo.
မန္တလေး အောက်တိုဘာ ၂၈

ယနေ့သည် ဗုဒ္ဓဘာသာနွယ်ဝင်များ၏ နေ့ထူးနေ့မြတ် ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော် နေ့)ဖြစ်သည်နှင့်အညီ မန္တလေးမြို့အတွင်းရှိ အထင်ကရ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ စေတီ၊ ပုထိုး၊ ဓမ္မာရုံများတွင် ကုသိုလ်ပြုကြသူများ၊ အဘိဓမ္မာအခါတော်နေ့ပူဇော်ပွဲများ၊ သံဃာတော်များ၏ ပဝါရဏာပွဲများ၊ ပူဇော်ကန်တော့ပွဲများကို ပျော်ရွှင်စွာ ကျင်းပကြပြီး ဓမ္မစကြာဝတ်အသင်းများနှင့် ဘုရားဖူးလာ ပြည်သူများသည် ပန်း၊ သစ်သီး၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်း များ လာရောက်ကပ်လှူပူဇော်ကြသဖြင့် အထူးစည်ကား လျက်ရှိသည်။

မန္တလေးမြို့တွင် နံနက် ၄ နာရီက မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်အား ရေတော်ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌအရှင်သူမြတ်အမှူးပြု၍ မျက်နှာသစ်တော်မူ အဖွဲ့က မျက်နှာသစ်တော်မူပြီး ရွှေသင်္ကန်းကပ်လှူကာ ပန်း၊ သစ်သီး၊ ဆွမ်း၊ ရေချမ်းကပ်လှူပူဇော်ကြသည်။

ထို့ပြင် ရွှေကျီးမြင်ဘုရား၊ ဝါခင်းဘုရား၊ ဘုရားနီဘုရား၊ တဝဂူဘုရား၊ ချမ်းသာကြီးချမ်းသာရဘုရား၊ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားနှင့် အောင်တော်မူအဓိဋ္ဌာန်အောင် ဆုတောင်းပြည့်ဘုရားတို့၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ မြို့နယ်များမှ ရပ်ကွက်ဓမ္မာရုံအသီးသီးတို့ရှိ ဘုရားဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များက ဝါတွင်းဆွမ်းသိမ်း သီလခံယူပွဲ၊ ဆွမ်းတော်ကြီး ကပ်လှူခြင်းတို့နှင့် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်း ကုသိုလ်ပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း တွေ့ရသည်။

ညပိုင်းတွင် မန္တလေးတောင်တော် ဆုတောင်းပြည့် ဘုရား၊ စွယ်တော်မြတ်စေတီတော်(မန္တလေး)၊ မဟာမုနိ ဘုရားကြီး၊ အောင်တော်မူ ဆုတောင်းပြည့်ဘုရား၊ ရွှေကျီးမြင်ဘုရားအပြင် မန္တလေးချမ်းအေးသာစံမြို့နယ်ရှိ သမိုင်းဝင်ဆုတောင်းပြည့် ချမ်းသာရမြတ်စွာဘုရား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော် တင်လှူခြင်းနှင့် ချမ်းသာရတံတား ပြုပြင်မွမ်းမံခြင်း အောင်ပွဲအထိမ်းအမှတ်၊ (၂၁)ကြိမ်မြောက် ချမ်းသာရ ဘုရား ဆွမ်း ၉ဝဝဝ၊ ရေတော် ၉ဝဝဝ၊ ပန်း ၉ဝဝဝ၊ ဆီမီး ၉ဝဝဝ၊ သစ်သီး ၉ဝဝဝ ကပ်လှူပူဇော်ပွဲများသို့ လာရောက်ကြည်ညိုပူဇော်သူ ခုနစ်ရက်သားသမီးအပေါင်းတို့နှင့် စည်ကားလျက်ရှိသည်။

သီတင်းကျွတ်လပြည့်နေ့တွင် မန္တလေးမြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင်မင်းတုန်းမင်းတရားကြီး ကောင်းမှုပြုတည်ထားခဲ့သော မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးမြတ်စွာဘုရား၊ စန္ဒာမုနိဘုရားနှင့် ကုသိုလ်တော်ဘုရား စသည့် ဘုရားသုံးဆူတို့တွင် (၁၂၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ရှေးယခင်မှ ယနေ့တိုင် သီတင်းကျွတ်လဆန်း ၁၃ ရက်မှစတင်ပြီး ၁ဝ ရက်တိုင်တိုင် ကျင်းပလေ့ရှိရာ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားနယ်မြေရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မန္တလေး နန်းမြို့တပ်နယ်မြေအပါအဝင် လေးပြင်လေးရပ်တို့မှ အလှူရှင်တို့က ဆွမ်းသပိတ်များ၊ ခဲဖွယ်ချိုချဉ်များ၊ လှူဖွယ် ဝတ္တုပစ္စည်းများ၊ ပဒေသာပင်တို့ကို ကားကြီး၊ ကားငယ် အသွယ်သွယ်တို့ဖြင့် လာရောက်လှူဒါန်း၍ ကျောက်တော်ကြီး မြတ်စွာဘုရားအား ဖူးမြော်ပူဇော်ကြသည်။ သီတင်းကျွတ် လပြည့်မှ လပြည့်ကျော် ၃ ရက်အထိ ဘုရားဂေါပက အဖွဲ့ကကြီးမှူး၍ ကုသိုလ်တော်ဘုရား၌ သံဃာတော် ၃၃ဝဝ၊ စန္ဒာမုနိဘုရား၌ ဆွေတော်မျိုးတော်တို့မှ သံဃာတော်အပါး ၁၂၇ ပါးနှင့် ဘဝရှင်မင်းတုန်းမင်း တရားကြီးနှစ် (၁၅ဝ) ပြည့် အထိမ်းအမှတ်အဖြစ် ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ သုဓမ္မာဒေါက်တာကျော်ဝင်းနှင့် အဖွဲ့ဝင်များကကြီးမှူး၍ လပြည့်ကျော် ၃ ရက် နံနက်တွင် ပဋ္ဌာန်းဆက်ပါရမီရှင်အပေါင်းတို့က သံဃာတော်အပါး ၁၅ဝဝ တို့အား ဆွမ်းသပိတ်များ၊ စာရေးတံမဲနှင့်တကွ ဆွမ်းတော်ကြီးလောင်းလှူပူဇော်ကြမည်ဖြစ်သည်။ လပြည့်နေ့တွင် မန္တလေး မြို့သူမြို့သားများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားပွဲတော်လာပြည်သူများဖြင့် ကျောက်တော်ကြီးဘုရား ပွဲတော်၌ ကြိတ်ကြိတ်တိုးစည်ကားသည်ကို တွေ့ရပြီး ညအိပ်လာရောက်ကြသော ပွဲတော်လာပြည်သူများအတွက် ရွှေမင်းသားလေးများ၊ ပွဲတိုင်းကျော် မန္တလေးဇာတ်ပွဲ၊ နှင်းခိုင်မန္တလေးဇာတ်ပွဲတို့က ကပြဖျော်ဖြေတင်ဆက်လျက်ရှိသည်။

ညပိုင်းတွင် သက်တော်ထင်ရှား ဘုရားရှင်အား ရည်မှန်း၍ စေတီပုထိုး၊ ကျောင်း၊ ကန်၊ ဓမ္မာရုံတို့တွင် ဆီမီးပူဇော်ခြင်း၊ မန္တလေးနန်းမြို့ရိုးပတ်လည်၊ အိမ်ရာ အဆောက်အအုံ၊ အစိုးရအဆောက်အအုံများ၊ ဈေးဝယ် စင်တာများ၊ ရပ်ကွက်များ၊ လမ်းများ၌လည်း ဖယောင်း ဆီမီး၊ အလှဆင်မီးရောင်ပြေးမီးများ ထွန်းညှိကာလမ်းအလိုက် နိဗ္ဗာန်ဈေးများ စည်ကားစွာကျင်းပခြင်းဖြင့် မန္တလေးမြို့တော်တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကျင်းပလျက်ရှိသည်ကို ရှုမငြီးကြည်နူးဖွယ် တွေ့ရသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment