Friday, October 2, 2015

အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲ မြန်မာနှင့်တီမော ယနေ့ကစားမည်





သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် အောက်တိုဘာ ၁

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ-၁၉ခြေစစ်ပွဲ အုပ်စု(ွ)ပွဲစဉ်များကို အောက်တိုဘာ ၂ ရက်(ယနေ့)တွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ တတိယနေ့ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် ဗီယက်နမ် အသင်းနှင့်ဘရူနိုင်းအသင်း၊ ညနေ ၆ နာရီခွဲတွင် အိမ်ရှင် မြန်မာအသင်းနှင့် တီမောအသင်းတို့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာယူ -၁၉ အသင်းသည် အဖွင့်ပွဲတွင် ဘရူနိုင်း အသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့သော်လည်း ခြေစစ်ပွဲအောင်မြင်ရေးအတွက် လက်ကျန်သုံးပွဲစလုံးမှာ အရေးပါလျက်ရှိသည်။ မြန်မာအသင်းနှင့် ကစားရမည့် တီမောအသင်းမှာ နှစ်ပွဲကစားလေးမှတ်ရရှိထားသည့် အသင်းဖြစ်ပြီး ပုံစံကောင်းရရှိနေသည့်အသင်းဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ပထမပွဲထက် ပိုမိုကောင်းမွန် အောင် ကစားရန်လိုအပ်သလို အဆုံးသတ်ပိုင်းကောင်းမွန် မှသာ ရလဒ်ကောင်းရရှိနိုင်မည်ဖြစ်သည်။ တတိယနေ့ ပွဲစဉ်များမှာ အသင်းတိုင်းအတွက် အရေးပါလျက်ရှိပြီး နှစ်ပွဲဆက်ရှုံးထားသည့် ဘရူနိုင်းအသင်းမှာလည်း ယခု ပွဲထပ်မံရှုံးခဲ့ပါက ခြေစစ်ပွဲမှ ထွက်ရမည်ဖြစ်သည်။ ဒုတိယ နေ့ပွဲစဉ်များအပြီးတွင် တီမောအသင်းက နှစ်ပွဲကစား လေးမှတ်၊ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့က တစ်ပွဲကစားသုံးမှတ်စီ၊ ဟောင်ကောင်အသင်းက နှစ်ပွဲ ကစားတစ်မှတ်ရရှိထားပြီး ဘရူနိုင်းအသင်းက နှစ်ပွဲစလုံးရှုံး ကာ အမှတ်မရသေးပေ။
မြန်မာယူ-၁၉အသင်းသည် ဘရူနိုင်းအသင်းနှင့် ပွဲတွင် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ သော်လည်း ခြေစွမ်းပိုင်းမှာ အကောင်းဆုံးအနေအထားမရှိသေးသလို အဆုံးသတ် ဂိုးသွင်းမှုအပိုင်း အားနည်းနေဆဲဖြစ်သည်။
မြန်မာအသင်းအတွက် သတင်းကောင်းမှာ ဒဏ်ရာရ ကစားသမားမရှိခြင်းဖြစ်ပြီး ခြေစစ်ပွဲမတိုင်မီက ဒဏ်ရာ နှင့် ကျန်းမာရေးပြဿနာများကြုံတွေ့ခဲ့ရသော်လည်း ကစားသမားအားလုံး ကောင်းမွန်နေပြီဖြစ်သည်။
ဘရူနိုင်းနှင့်ပွဲတွင် ပရိသတ်များ ကြည့်ရှုခွင့်မရခဲ့သော် လည်း ယနေ့ပွဲတွင် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်ရာ မြန်မာယူ- ၁၉ အသင်းမှာ ပရိသတ်၏အားပေးမှုနှင့် အတူ ကစားနိုင်မည်ဖြစ်သည်။

No comments:

Post a Comment