Friday, October 2, 2015

မန်ယူနှင့်မန်စီးတီးတို့ အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲများ





သီဟ-ရေးသည်

ယူအီးအက်ဖ်အေချန်ပီယံလိဂ် ၃၂ သင်းအဆင့် အုပ်စု ဒုတိယပွဲစဉ်များကို အောက်တိုဘာ ၁ ရက်နံနက်ပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။
အုပ်စု(ခ)မှ အင်္ဂလန်ကလပ်မန်ယူနှင့် ဂျာမန်ကလပ် ဝုဖ်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်မန်ယူ အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယနေ့ပွဲ တွင် နှစ်သင်းစလုံး ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်လာ ကြပြီး အိမ်ရှင်မန်ယူအသင်းသည် လူငယ်ကစားသမားအန်သိုနီမာရှယ်ကိုအထောင်ထားပြီး ဧည့်သည် ဝုဖ်ဘတ် မှာ ဘက်စ်ဒေါ့ကို အထောင်ထားခဲ့သည်။
ပွဲစပြီး ၄ မိနစ်တွင် မက်စ်ခရူးဖန်တီးပေး၍ တောင်ပံ ကစားသမား ကယ်လီဂျီယူရီက ဝုဖ်ဘတ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ပွဲချိန် ၃၄ မိနစ်တွင် မန်ယူအသင်းပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဝါရင့်ကစား သမား မာတာက သွင်းယူပေးခဲ့ရာ အိမ်ရှင်အသင်းချေပဂိုး ရရှိခဲ့သည်။
ပထမပိုင်းတွင် မန်ယူအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိပြီး ဂိုးပေါက်ကန်သွင်းခွင့် အများဆုံးရရှိ ကာ ဂိုးအဖြစ်ပြောင်းလဲခြင်းမရှိခဲ့ပေ။ ဒုတိယပိုင်းပွဲချိန် ၅၃ မိနစ်တွင် ဝုဖ်ဘတ်ဂိုးဧရိယာအတွင်း မာတာက နောက်ပေါက်ဖြင့်တင်ပေးရာမှ မန်ယူ နောက်တန်းကစားသမားစမောလင်းကန်သွင်းခဲ့ပြီး အိမ်ရှင်မန်ယူအသင်း ကို နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်စေ ခဲ့သည်။
ဝုဖ်ဘတ်နည်းပြဒိုင်တာ ဟက် ကင်းသည် ချေပဂိုးရရှိရန် ပရီမီယာ လိဂ်ကစားသမားဟောင်းဖြစ်သော အန်ထရီရှာရယ်နှင့် ဘန်တနာတို့ကို လူစားလဲမှုပြုလုပ်ခဲ့ပြီး ဖိအားပေး တိုက်စစ်မြှင့်ခဲ့သော်လည်း ချေပဂိုး သွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးချိန်တွင် ဝုဖ်ဘတ်အသင်း နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မန်ယူပါဝင်သော အုပ်စု(ခ)တွင် နှစ်ပွဲကစားအပြီး လေးသင်းစလုံး ရမှတ် သုံးမှတ်စီရရှိကာ အမှတ်တူညီ နေသည်။
တခြားအုပ်စု ပွဲစဉ်များအဖြစ် အုပ်စု(က)တွင် ပီအက်စ်ဂျီအသင်းမှာ အိမ်ရှင်ရှက်တာ ဒိုးနက်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိပြီး ရီးရဲ မက်ဒရစ်အသင်းသည် အဝေးကွင်း တွင် မယ်လ်မိုအသင်းကို နှစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သည်။ မန်ယူပါဝင် သောအုပ်စု(ခ)မှ CSKA မော်စကို သည် သုံးဂိုး-နှစ်ဂိုးဖြင့် PSV ကို အနိုင်ရရှိခဲ့သည်။
အုပ်စု(ဂ)တွင် အက်စ်တာနာနှင့် ဂါလာတာစာရေးအသင်းမှာ တစ်ဖက် နှစ်ဂိုးစီသရေရလဒ်ဖြင့် ပြီးဆုံး ပြီး အက်သလက်တီကိုအသင်းသည် ဘင်ဖီကာကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။ အုပ်စု(ဃ) မှ ဂျူဗင်တပ်စ် သည် ဆီဗီလာကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အင်္ဂလန်ကလပ် မန်စီးတီးမှာ ဂျာမန်ကလပ်မိုချန် ဂလာဘတ်ကို အဝေးကွင်းတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။

No comments:

Post a Comment