ရန်ကုန် အောက်တိုဘာ ၂၉
အစိုးရနှင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား အဖွဲ့အစည်း(၈)ဖွဲ့ပါဝင်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ “Joint Monitoring Committee” (JMC) ပထမနေ့ ဆွေးနွေးပွဲကို ယနေ့စတင်ကျင်းပသည်။
အဆိုပါ အစည်းအဝေးကို အောက်တိုဘာ ၂၉ ရက် နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့တို့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်“Nationwide Ceasefire Agreement” (NCA)ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲအပြီး အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းမှ အောက်တိုဘာ ၁၇ ရက်အထိ နေပြည်တော်၌ပင် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်း အစည်းအဝေး “Joint Implementation Coordination Meeting” (JICM)ကို ဆက်လက်ကျင်းပခဲ့သည်။ ယင်းညှိနှိုင်းအစည်းအဝေးတွင် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ “Joint Monitoring Committee” (JMC)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ “Union Peace Dialogue Joint Committee”(UPDJC)တို့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယနေ့ပြုလုပ်သည့် JMC အစည်းအဝေး ပထမနေ့အဖွင့်နှုတ်ခွန်းဆက် စကားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ ဖွဲ့စည်းပုံ၊ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း (COC) များအား အဓိကထားဆွေးနွေးပြီးဖြစ်ကြောင်း၊ နှစ်ဖက်လိုက်နာရမည့်စည်းမျဉ်း စည်းကမ်းများကို နှစ်ဖက်အဖွဲ့အစည်းများမှ အကြမ်းအားဖြင့် ရေးဆွဲထားပြီး ဖြစ်သောကြောင့် JMC တွင် COC ကို အဆင်ပြေစွာရေးဆွဲနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ အစိုးရ၏မူဝါဒသည် NCA ကို အထိရောက်ဆုံး အကောင်ထည်ဖော်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် JMC အတွက် လုပ်ငန်းစဉ်များချမှတ်ပြီး စတင်အကောင်ထည်ဖော်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ JMC အကောင်ထည်ဖော်မှုကြောင့် အောက်ခြေတွင် ဖြစ်ပွားလျက် ရှိသည့် တိုက်ပွဲများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များ ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး(KNU) မှ စောအိုင်းဇက်က ''အစိုးရအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့တိုင်းရင်းသား(၈)ဖွဲ့ကနေ JMC ကို အဓိကတာဝန်ယူရ မယ့်အချိန်ဖြစ်ပါတယ်။ အောက်ခြေမှာ တိုက်ပွဲတွေမဖြစ်ဘဲ နည်းပါးသွားအောင်၊ တစ်ဖက်မှာလည်း တိုက်ပွဲတွေမဖြစ်လာအောင် ကြိုတင်တားဆီးဖို့နဲ့ ဖြစ်လာ ခဲ့ရင်လည်း အချိန်မီတားဆီးနိုင်အောင် JMC ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အလုပ်အဖွဲ့ဖြစ်နေတဲ့ နိုင်ငံရေးမူဘောင် ဖော်ဆောင်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့ တွေအတွက် အနှောင့်အယှက်မဖြစ်အောင် JICM မှာ အဓိက တာဝန်ရှိနေ ပါတယ်။ JICM အောင်မြင်မှုကနေ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီကို တက်လှမ်းသွားနိုင်ဖို့ ကြိုးစားသွားရမယ်လို့ ထင်ပါတယ်။ NCA ထိုးပြီးတဲ့အချိန်ကစပြီး ၁၄ ရက်အတွင်းမှာ သူ့အချိန်ဇယားအတိုင်း ကို သွားနေပါတယ်''ဟု အဖွင့်နှုတ်ခွန်းဆက်စကားတွင် ပြောကြားသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ “Joint Monitoring Committee” (JMC)တွင် အစိုးရဘက်မှ ကိုယ်စားလှယ် ၁ဝ ဦးနှင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁ဝ ဦးစီပါဝင်သည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကို ဖွဲ့စည်းရာတွင် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့်ဟူ၍ ဖွဲ့စည်းသွားမည်ဖြစ်သည်။ ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် JMC ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား အဓိကထား ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးကို အောက်တိုဘာ ၃ဝ နှင့် ၃၁ ရက်တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
ယနေ့အစည်းအဝေးသို့ အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဗိုလ်ချုပ်မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ MPC မှ အထူးအကြံပေး ဦးလှမောင်ရွှေ၊ အစီအစဉ်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး၊ ဥပဒေအကြံပေး ဒေါက်တာဆလိုင်းငွန်ကျုံးလျန်နှင့် တွဲဖက် အစီအစဉ်ညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။
တိုင်းရင်းသားကိုယ်စားလှယ်များအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စောအိုင်းဇက်နှင့် ပဒိုစောတာဒိုမူး၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) မှ စောနေစိုးမြ၊ ချင်းအမျိုးသားတပ်ဦး(CNF)မှ ဒေါက်တာ ရွှေခါးရ်၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)မှ စောကျော်သန်းဌေး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)မှ ခွန်အောင်မန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ဆလိုင်းယောအောင်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ခိုင်မျိုးချစ်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)မှ ဆောင်းဟန်နှင့် စိုင်းလျန်းအပါအဝင် အလုပ်အဖွဲ့ဝင်များတက်ရောက်ကြသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ပထမနေ့အစည်းအဝေးခေတ္တရပ်နားချိန်တွင် မြန်မာ့သတင်းစဉ်မှ အစည်းအဝေး တက်ရောက်လာကြသူများအား JMC နှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း ခဲ့သည်။
ပဒိုစောတာဒိုမူး (ဗဟိုအလုပ်အမှုဆောင်ကော်မတီ)
ကရင်အမျိုးသားအစည်းအရုံး (KNU)
မေး။ ။ဒီနေ့ ဆွေနွေးပွဲမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးခဲ့ပါသလဲ။
ဖြေ။ ။NCA စာချုပ်မှာ (၁၄) ရက်မြောက်မှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ JMC ကို အကောင်ထည်ဖော်ဖို့ ဆိုတာပါတယ်။ ဒါကို အကောင်ထည်ဖော် တဲ့အနေနဲ့ ဒီနေ့ဆွေးနွေးတာလည်းပါပါတယ်။ နေပြည်တော်မှာ JICM ဆိုတဲ့ အစည်းအဝေးကနေ တိုင်းရင်းသားဘက်က ၁ဝ ဦးနဲ့ နိုင်ငံတော်အစိုးရ ဘက်က ၁ဝ ဦး ဆိုပြီး ကော်မတီတစ်ခု ဖွဲ့ထားတယ်။ တကယ်တော့ အဲ့ဒီကော်မတီက (JMCU)ပါ။ ဒီမှာ နှစ်ဖက်က လက်ခံတဲ့ ပုဂ္ဂိုလ်များဆိုပြီး အဓိကကတော့ အရပ်သားတွေ ထပ်ထည့်ပေါင်းဖို့ရှိတယ်။ နောက် JMC နဲ့ ပတ်သက်တဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ဆွေးနွေးဖို့ရှိမယ်။ JMC ရဲ့ ပြည်ထောင်စုအဆင့်မှာရှိရမယ့် ဖွဲ့စည်းပုံ တစ်ခုကို ဒီမနက်ဆွေးနွေး မှုမှာ ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
မေး။ ။ဒါဆိုရင် နှစ်ဖက် လက်ခံတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်နှဦးရွေးချယ်မလဲ။ ဘယ်သူတွေကို ရွေးချယ်မလဲ။
ဖြေ။ ။လောလောဆယ်ကတော့ ပြီးခဲ့တဲ့ JICM အစည်းအဝေးထဲမှာ ကျွန်တော်တို့ တစ်ဖက်က ကိုယ်စားလှယ်သုံးဦးစီရွေးချယ်ဖို့ ဆိုတာမျိုးအခြေခံ ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ သုံးဦးစီဆိုတော့ ကျွန်တော်တို့ဘက်ကတော့ နည်းများ နည်းမလားပေါ့။ ဒါကို ပြန်ပြီး ညှိနှိုင်းဆွေးနွေးဖို့ သဘောထားရှိတယ်။ ပြည်သူလူထုဘက်ကလည်း ပိုမိုပါဝင်လိုတဲ့ သဘောထားရှိတယ်။ အပစ်အခတ် ရပ်စဲရေးကလည်း ပြည်သူလူထုပါဝင်ခြင်းအားဖြင့် ပိုမိုတည်တံ့ခိုင်မြဲမယ်လို့ ကျွန်တော်တို့မြင်တယ်။ ဒါကြောင့် လူဦးရေအတိအကျကိုတော့ ပြန်လည်ဆွေးနွေးဖို့ ရှိပါမယ်။ ရွေးချယ်မှာကတော့ ဂုဏ်သရေရှိဖြစ်မယ်။ ဘက်မလိုက်ဘဲနဲ့ မှားရင်မှားတယ်၊ မှန်ရင်မှန်တယ်ပြောဆိုရဲတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ရမယ်။ နိုင်ငံအပေါ်၊ သူရဲ့ community ထဲမှာ credit ကောင်းကောင်းတွေ ရထားတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ဖို့လိုပါတယ်။ အများလေးစားတဲ့ ပုဂ္ဂိုလ်ဆိုတဲ့ဟာမျိုး ပါပါ လိမ့်မယ်။
ခွန်ဆေကျိုင်ယင်(အကြံပေး)
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)
မေး။ ။ JMC ကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းထားသလဲ။ ဒီနေ့ဆွေးနွေးပွဲမှာ ဘာအကြောင်းအရာတွေကို အဓိကထားပြီး ဆွေးနွေးကြမှာပါလဲ။
ဖြေ။ ။ JICM မှာ ကျွန်တော်က အကြံပေးတစ်ဦးဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းကတော့ JMC ရဲ့ ဖွဲ့စည်းပုံကိုပဲ အဓိကထားပြီး ဆွေးနွေးပါတယ်။ ဖွဲ့စည်းပုံမှာ အဆင့်သုံးဆင့်ပါမယ်။ JMC ကို ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့်၊ ဒေသန္တရအဆင့်ဆိုပြီးရှိမယ်။ လောလောဆယ်မှာ ပြည်ထောင်စုအဆင့် မှာပဲ ရှိပါသေးတယ်။ ပူးတွဲစောင့်ကြည့်ရေးကော်မတီဆိုတော့ အဓိက လုပ်ငန်း ကို လုပ်ရမှာက အတွင်းရေးမှူးတို့၊ တွဲဖက်အတွင်းရေးမှူးတို့ ဖြစ်တဲ့အတွက် ဒီနေ့ဆွေးနွေးရာမှာ ဘယ်နှယောက်ထားမလဲ၊ ဘယ်တာဝန်ပေးမလဲ စသည့် ဖြင့် ဆွေးနွေးခဲ့တယ်။ လောလောဆယ်ဖွဲ့ထားတာက အစိုးရဘက်က ၁ဝ ဦးနဲ့ တိုင်းရင်းသားဘက်က ၁ဝ ဦးပါ။ ဘယ်သူက ဥက္ကဋ္ဌဖြစ်မယ်၊ ဘယ်သူက ဒုဥက္ကဌဖြစ်မယ်ဆိုတာတော့ မရွေးရသေးပါဘူး။ နက်ဖြန်မှာတော့ သိကောင်း သိနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
မေး။ ။ NCA စာချုပ်အပေါ်မှာ ဘယ်လောက်ယုံကြည်ချက်ရှိပါသလဲ။
ဖြေ။ ။ဒီနေ့ ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က အခုလောလောဆယ်မှာ အတတ်နိုင်ဆုံးထိန်းသိမ်းသွားမယ်၊ လိုက်နာသွားမယ်လို့ ပြောတယ်။ (Terms of reference) လို့ခေါ်တဲ့ အပစ်ရပ်ဖို့ ပူးတွဲကော်မတီကို ဖွဲ့ရာမှာ ဘယ်လိုစနစ်နဲ့ ဖွဲ့မလဲ။ ဘယ်လိုစည်းမျဉ်းတွေနဲ့ဖွဲ့မလဲဆိုတာ မပြီးသေးဘူး။ နောက်ပြီးတော့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေမှာ တစ်ဖက်နဲ့တစ်ဖက် တပ်တွေ ဘယ်လိုဆက်ဆံရေးတည်ဆောက်ကြမလဲ။ လူထုကိုဘယ်လို ဆက်ဆံကြမလဲ ဆိုတာ မပြီးသေးတော့ လောလောဆယ်မှာ လုံးဝဥဿုံစိတ်ချရတဲ့ အနေထားတော့ မဟုတ်သေးဘူး။ ဒါပေမယ့် JMC တွေ အဆင့်ဆင့်ဖွဲ့ပြီးရင် လိုက်နာရ မယ့်စည်းမျဉ်းတွေ ချမှတ်ပြီးရင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေလည်း သတ်မှတ် ပြီးရင်တော့ လူထုအခြေပြုအဖွဲ့အစည်းတွေလည်း ပါဝင်လာမယ်။ နိုင်ငံတကာ လေ့လာသူတွေနဲ့ နည်းပညာအထောက်အကူပြုသူတွေပါ ပါဝင်လာချိန်မှာ တော့ ၇၅ ရာခိုင်နှုန်းလောက် စိတ်ချလာရမယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ပြီး နှစ်ဘက်သဘောတူညီနိုင်တဲ့ ရလဒ်ရပြီဆိုရင်တော့ ၁ဝဝ ရာခိုင်နှုန်း စိတ်ချနိုင်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ဦးလှမောင်ရွှေ (MPC မှ အထူးအကြံပေး)
မေး။ ။ JMC အစည်းအဝေးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်ထည် ဖော်ရာမှာ ဘယ်လိုအထောက်ကူပြုပါလဲ။ ဒီအစည်းအဝေးတွေဟာ ဘယ်လောက်အရေးပါပါသလဲ။
JMC ဟာ အရေးကြီးပါတယ်။ ရှေ့မှာလာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားတဲ့ကာလတစ်လျှောက်လုံးမှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေကိုလျှော့ချဖို့နဲ့ နောက်ဆုံးမှာ ရပ်ဆိုင်းဖို့အတွက် အသေးစိတ် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားတွေ၊ နောက် ဒီ JMC မှာ အရပ်သား ခြောက် ယောက်ပါပါတယ်။ နောင်မှာ တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့သုံးဦး၊ အစိုးရဘက်က သုံးဦးနဲ့ ၂၆ ဦး ပါဝင်တဲ့ ကော်မတီ ပြည်ထောင်စုအဆင့်မှာ ဖြစ်လာပါလိမ့်မယ်။ ဒါကို (JMCU) လို့ခေါ်မယ်။ ဒါပြီးရင် ပဋိပက္ခရှိတဲ့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေမှာ (JMCS)ဆိုပြီး ဆက်ဖွဲ့မယ်။ ဒီလို တိတိကျကျ ဆောင်ရွက်ရမယ့် တာဝန်၊ ရုံးအဖွဲ့၊ အလုပ်အဖွဲ့တွေကို ဒီနေ့စပြီးတော့ ဆွေးနွေးတာပါ။
JMC မှာ နှစ်ဖက်အဖွဲ့ဝင်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေလည်း ပါဝင်မှာဖြစ်တဲ့အတွက် JMC ဟာ ရှေ့ကိုသွားမယ့် နိုင်ငံရေးဆွေနွေးပွဲတွေ အတွက်ကို အများကြီးအထောက်အကူပြုမယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ ပြည်ထောင်စုဘက်က တပ်မတော်က အဓိက တာဝန်ယူမယ်။ ကျန်တဲ့ သူတွေက ပံ့ပိုးပေးမယ့်အနေအထားပါ။ တိုင်းရင်းသားတွေဘက်မှာလည်း တပ်ပိုင်းတာဝန်ယူတဲ့သူတွေက အဓိကပါမှာပါပဲ။
သတင်းနှင့်အင်တာဗျူး - မြတ်သန္တာမောင်၊ ဓာတ်ပုံ - အငယ်လေး
No comments:
Post a Comment