Friday, October 30, 2015

မိမိအနာဂတ်နှင့် တိုင်းပြည်အနာဂတ်အတွက် မဲပေးရွေးချယ်ကြပါစို့



The Mirror Daily's photo.


မင်းထက်အောင်(မန်းကိုယ်ပွား)

၂ဝ၁၅ ခုနှစ် နိုင်ဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီးနီးကပ်လာ သည်နှင်အမျှ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြင်ဆင်ဆောင်ရွက် ထားရှိသည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ထွဋ် နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။နိုဝင်ဘာ၈ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြင်ဆင်ထားတဲ့ နောက်ဆုံး အခြေအနေသိပါရစေ

ဖြေ။ ။ ကျွန်တော်တို့တိုင်းဒေသကြီး ကော်မရှင် အဖွဲ့ခွဲအနေနဲ့ ရွေးကောက်ပွဲမဲပေးဖို့ စီစဉ် ထားရာမှာ ၉ဝ ရာခိုင်နှုန်း ပြီးသွားပြီ။ ဆိုလိုတာက မဲရုံတွေ၊ မဲရုံသုံးပစ္စည်း၊ မဲလက်မှတ်တွေက မဲရုံတွေအားလုံးမှာ ရောက်နေပါပြီ။ မဲစာရင်း နောက်ဆုံးထုတ်ပြန် နိုင်ဖို့ ပြန်လည်စိစစ်နေပါပြီ။

မေး။ ။မဲစာရင်း နောက်ဆုံးထုတ်ပြန်မယ့် ရက်ကို ပြောပြပေးပါ။

ဖြေ။ ။ပြန်လည်စိစစ်ပြီး နိုဝင်ဘာ ၃ ရက် လောက်အတွင်းမှာ နောက်ဆုံးအကြိမ် မဲစာရင်းကို ထုတ်ပြန်ပေးသွားမယ်။ ပထမ ကြေညာတုန်းက မဲဆန္ဒရှင်ဦးရေ ၄၁ သိန်း ကျော်ရှိခဲ့ပြီး ဒုတိယအကြိမ်မှာ ၄၂ သိန်း ကျော်သွားတယ်။ အခုနောက်ဆုံးအကြိမ်မှာ ပုံစံ ၃(က)ခေါ်တဲ့ ရက်ပေါင်း ၁၈ဝ အထက် မဲပေးမယ့်သူစာရင်းတွေ ရှိလာပြီဆိုတော့ နောက်ဆုံးစာရင်းက ၄၄ သိန်းဝန်းကျင် လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

မေး။ ။ မန္တလေးတိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းနဲ့ ပါတီအရေအတွက်၊ မဲရုံအရေ အတွက်တို့ကို သိချင်ပါတယ်။

ဖြေ။ ။တိုင်းဒေသကြီးအတွင်းမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၂၉ ဦး၊ အမျိုးသားလွှတ်တော် ၃၆ ဦး၊ တိုင်းဒေသကြီး လွှတ်တော် ၂၂၉ ဦးနဲ့ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ငါးဦး စုစုပေါင်းကိုယ်စား လှယ်လောင်း ၃၉၉ ဦး ရှိပါတယ်။ ပါတီက ၂ဝ၊ တစ်သီးပုဂ္ဂလ တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး မဲရုံပေါင်း ၅၃၈၄ ရုံရှိပါတယ်။

မေး။ ။မဲရုံလုံခြုံရေးအတွက် ကော်မရှင် အနေနဲ့ ဆောင်ရွက်ထားမှုတွေ ပြောပြပေးပါ။

ဖြေ။ ။၂ဝ၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတော်က မဲရုံလုံခြုံရေးကို စနစ်တကျ ဆောင်ရွက်ထားတယ်။ ပထမအဆင့်က ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ဗဟိုကော်မတီ၊ တိုင်းဒေသကြီးကော်မတီ၊ ခရိုင်နဲ့ မြို့နယ်ကော်မတီတွေ ဖွဲ့စည်းထားပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ မြို့မိ မြို့ဖတွေက အဖွဲ့ဝင်အဖြစ် ပါဝင်ကြတယ်။ ဒီအဖွဲ့က ရွေးကောက် ပွဲနဲ့ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်လာရင် ဖြေရှင်းပေးရမှာဖြစ်ပြီး ဆုံးဖြတ်ချက်ကို လိုက်နာရမယ်လို့ ပြဋ္ဌာန်းထားတယ်။ အဲဒီအပြင် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့ပေး ထားတဲ့ လုံခြုံရေးနဲ့စီမံခန့်ခွဲရေးကော်မတီဆိုပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်နဲ့ မြို့နယ်အဆင့်ဆိုပြီး ဖွဲ့စည်းထားတယ်။အဲဒီအဖွဲ့မှာ နယ်/လုံဝန်ကြီးတွေ က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး လုံခြုံရေးကို ဖြေရှင်းဆောင်ရွက်သွားမှာပါ။ ပုံမှန်အနေနဲ့လည်း မဲပေးတဲ့နေ့ မဲရုံတိုင်းမှာ ရဲတပ်ဖွဲ့ဝင် တွေနဲ့ အထူးရဲတွေရှိမယ်။ကော်မရှင်အဖွဲ့ဝင် တွေရှိမယ်။ မဲရုံလုံခြုံရေးအတွက် ရေးဆွဲထား တဲ့စီမံချက် အထူးကောင်းမွန်တယ်။

မေး။ ။ တံဆိပ်တုံးထုပြီး မဲပေးရတဲ့အတွက် လွဲချော်ပြီး ပယ်မဲဖြစ်မှာကို မဲဆန္ဒရှင်တွေ စိုးရိမ်နေတာနဲ့ ပတ်သက်လို့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ အောက်တိုဘာ ၂၉ ရက်မှာ မန္တလေး မြို့ ဗထူးအားကစားကွင်းမှာ စံပြမဲရုံလုပ်ပြီး ပြည်သူတွေအားလုံးကို မဲပေးပုံအဆင့်ဆင့်ကို ကိုယ်တိုင်မဲပေးပြီး လက်တွေ့နမူနာ လုပ်သွားပြီး မဲပေးတတ်အောင် အသိပညာပေးခဲ့ပြီးပါပြီ။ တိုင်းဒေသကြီးအတွင်း မြို့နယ်တိုင်းမှာ ခုလို မဲပေးတတ်အောင် သရုပ်ပြလုပ်ဆောင်ပေးနေပါတယ်။ သတင်း မီဒီယာ၊ CSO လို့ ခေါ်တဲ့ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ ကလည်း မဲပေးနည်းအရ တံဆိပ်တုံးဘယ်လို ထုမလဲ။ ခိုင်လုံမဲ/ပယ်မဲ ရွေးချယ်တာတွေ မမှားရအောင် လုပ်ဆောင်ပေးနေတယ်။နောက်တစ်ခုက မိမိဆန္ဒအလျောက် မဲပေးလိုသည့် ကိုယ်စားလှယ်လောင်းရဲ့အမည်ဘေးမှာ တံဆိပ်တုံးကို တစ်ကြိမ်သာ ရိုက်နှိပ်ရန်နဲ့ မည်သည့်အကြောင်းနဲ့မှ ထပ်မံရိုက်နှိပ် ခြင်းမပြုရဆိုတဲ့ အသိပေးစာကပ်ပေးထားမယ်။

မေး။ ။ မန္တလေးတိုင်းဒေသကြီးမှာ ရက်ပေါင်း ၁၈ဝ အထက် ရွှေ့ပြောင်းနေထိုင်သူတွေထဲက မဲဆန္ဒရှင်စာရင်း ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။အောက်တိုဘာ ၁ဝ ရက်ထိ ပုံစံ-၃(က)နဲ့ လျှောက်ထားရတဲ့ ရက်ပေါင်း ၁၈ဝ အထက် ရွှေ့ပြောင်းနေထိုင်သူများထဲက မဲဆန္ဒရှင်အရေအတွက်က ၁၂ဝ၁ဝ၅ ဦး ရှိ တယ်။သူတို့ မဲပေးခွင့်ရှိအောင် ကော်မရှင် အဖွဲ့အပြင် နိုင်ငံရေးပါတီတွေ၊ ဃှဥ တွေ၊ မီဒီယာတွေက အပြင်းအထန်လှုံ့ဆော်ခဲ့တယ်။

မေး။ ။ လာမယ့်ရွေးကောက်ပွဲကြီးမှာ စိုးရိမ်မှုတွေ၊ စိန်ခေါ်မှုတွေ ရှိပါသလား ။

ဖြေ။ ။ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်က ဥပဒေညွန်ကြားချက်တွေအရ လုပ်ဆောင်နေပါတယ်။ ခုချိန်မှာ မဲရုံမှူး တွေ၊ ဒု-မဲရုံမှူးတွေကို သင်တန်းပေးခဲ့ပြီး ဖြစ်တယ်။ အဓိကအနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနဲ့အညီ ဆောင်ရွက် တတ်ဖို့လိုတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားချက်တွေက အများကြီးပါ။ ဥပဒေ/ ညွန်ကြားချက်တွေနဲ့ အညီဆောင်ရွက်မယ်ဆိုရင် အောင်မြင်မှာပါ။အလားတူ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ် လောင်းတွေ သဘောတူညီထားတဲ့ ကျင့်ဝတ် တွေ ရှိပြီးသားပါ။

ခုလိုအားလုံးက လိုက်နာလုပ်ဆောင်ကြ မယ်ဆိုရင် စိန်ခေါ်မှုတွေ မရှိနိုင်ပါဘူး။ အမှားအနည်းအပါးရှိခဲ့ရင်တောင် မဲပေးခွင့် မဆုံးရှုံးပါဘူး။ ရွေးကောက်ပွဲကျင်းပဖို့ တစ်ပတ်အလိုမှာလည်း မဲပေးခွင့်ကတ်ပြား တွေထုတ်ပေးမှာဖြစ်တော့ မဲပေးခွင့်ရှိသူ စာရင်းက တိတိကျကျဖြစ်လာမှာပါ။ ပြည်တွင်း ပြည်ပစောင့်ကြည့်အဖွဲ့တွေ များပြားစွာ ရှိနေသလို နိုင်ငံရေးပါတီတွေရဲ့ ယှဉ်ပြိုင်မှု ကလည်း အရင်ရွေးကောက်ပွဲတွေထက် ပိုပြီး အင်အားတွေပြင်းထန်လာတယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရား မျှတမှု ရှိအောင် ဥပဒေ၊ စည်းကမ်းများနဲ့အညီ လုပ်ဆောင်ထားပြီး စိန်ခေါ်မှုတွေကို ကြိုတင်ပြင်ဆင်ထားတယ်။
မေး။ ။မဲပေးရာမှာ ပွင့်လင်းမြင်သာအောင် ပြင်ဆင်ထားတဲ့အကြောင်းနဲ့ကြိုတင်မဲကို ဘယ်နေ့မှာ စပြီးပေးရမလဲ။

ဖြေ။ ။ကြိုတင်မဲပေးမှုကို အပိုင်းနှစ်ပိုင်းနဲ့ ပြင်ဆင်ထားတယ်။ ပထမအပိုင်းကပုံစံ-၁၅ ဖြစ်တဲ့ မဲဆန္ဒနယ်မြေပြင်ပ ရောက်နေသူတွေ ပါ။နောက်တစ်ပိုင်းကမဲဆန္ဒနယ်မြေအတွင်းမှာ ကြိုတင်မဲပေးခွင့်ရှိသူဆိုပြီး အပိုင်းနှစ်ပိုင်း ရှိတယ်။ပြည်တွင်းမှာရှိတဲ့ ကြိုတင်မဲပေးခွင့် ရှိသူတွေက အောက်တိုဘာ ၂၉ ရက်မှာ စတင်မဲပေးလို့ရပြီ ။ အဲဒီမှာ လေးမျိုးရှိတယ်။ ပြည်ထောင်စုဆိုင်ရာ အဖွဲ့အစည်းတွေ၊ တိုင်းဒေသကြီးအဆင့်ဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ခရိုင် ၊ မြို့နယ်မှာရှိတဲ့ ကော်မရှင် အဖွဲ့ဝင်တွေ၊မဲရုံမှာတာဝန်ယူကြရတဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ မဲရုံအဖွဲ့ဝင် တွေ၊ လေ့လာစောင့်ကြည့်သူတွေ၊ ရဲဝန်ထမ်းတွေ၊ မီဒီယာတွေပါ။

ဒီလိုကြိုတင်မဲပေးတဲ့အခါမှာ မဲရုံမှာ မဲပေးသလိုမျိုးလျှို့ဝှက်ဆန္ဒပြုခန်းတွေ လုပ်ပေးထားပြီး အားလုံးကို ခေါ်ထားမယ်။ မဲပုံးတွေမှာလုံခြုံရေးကြိုးတွေနဲ့ ချိပ်ပိတ်ထားပြီး နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီ မဲရုံ မဖွင့်ခင် သက်ဆိုင်တဲ့ မဲရုံအသီးသီးကို ပို့ပေးရမှာပါ။ နောက်ကျရင်လက်ခံမှာ မဟုတ်ဘူး။

မေး။ ။မဲဆန္ဒရှင်တွေကို စကားလက်ဆောင် လေးပြောပေးပါ။

ဖြေ။ ။ကျွန်တော်တို့အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်လာအောင် ကော်မရှင်အဖွဲ့ခွဲ အသီးသီးက မဲဆန္ဒ ရှင်တွေ၊ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲအရောက် ပို့ဆောင်ပေးရမှာပါ။ ရွေးကောက်ပွဲကြီး အောင်မြင်စွာနဲ့ အေးချမ်းစွာ ပြီးမြောက်အောင် အများပြည်သူက ပူးပေါင်းပါဝင် ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပြောချင် တာက မိမိအနာဂတ်နဲ့ တိုင်းပြည်အနာဂတ် လှပစေဖို့ မဲပေးကြပါစို့လို့ တိုက်တွန်းလိုပါတယ်။

No comments:

Post a Comment