Thursday, October 29, 2015

ယာဉ်အန္တရာယ်နှင့် ဆင်ခြင်တုံတရား





မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

ယာဉ်မတော်တဆမှုအများစုမှာ ယာဉ်နှင့်လမ်းအသုံး ပြုသူတို့၏ အားနည်းချွတ်ယွင်းမှုများကြောင့် ဖြစ်ရသည်ဟု သုတေသီများက လေ့လာတွေ့ရှိထားပါသည်။ မှန်ပါသည်။ ယာဉ်မောင်းသူအချို့အနေဖြင့် မော်တော်ယာဉ်ကို ဘေးကင်း လုံခြုံစွာမောင်းနှင်မှု(Drive Safty) အားနည်းလျက်ရှိပါ သည်။ မော်တော်ယာဉ်များကို အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မော်တော်ယာဉ်ကြံ့ခိုင်ရေးကို စစ်ဆေးမှုအားနည်းခြင်း၊ မူးယစ် သောက်စား၍ မောင်းနှင်ခြင်းတို့ကြောင့် မော်တော်ယာဉ် မတော်တဆမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) ၏ စာရင်းများအရ ယာဉ်မတော်တဆမှုများကြောင့် နှစ်စဉ်လူဦးရေ တစ်သန်းကျော် သေဆုံးနေကြသည်ဟု သိရပါသည်။ ယင်းမှာ အခြားအခြားသော ရောဂါဘယနှင့် သဘာဝဘေးဖြစ်စဉ်များကြောင့် သေဆုံးမှုထက် များသည်ဟု ဆိုပါသည်။ ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှု ကြောင့် သေဆုံးမှုမှာ အခြားဖြစ်စဉ်များထက် အမြင့်ဆုံးဖြစ်ပွား လျက်ရှိပါသည်။ ကမ္ဘာတစ်ဝန်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိရာတွင် ချမ်းသာသောနိုင်ငံများထက် ဆင်းရဲသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုဖြစ်ပွားကြောင်းလည်း နိုင်ငံတကာ လမ်းလုံခြုံမှုဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထား ပါသည်။

ကျွန်ုပ်တို့နိုင်ငံတွင် လွန်ခဲ့သည့်နှစ်များအတွင်း မော်တော် ယာဉ်တင်သွင်းမှုအပေါ် ဖြေလျှော့ပေးမှုများကြောင့် ယာဉ်အသုံး ပြုမှုများ သိသိသာသာတိုးတက်လာပါသည်။ မော်တော်ယာဉ် မတော်တဆမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုဖြစ်ပွားသည် ဟူသောအချက်ကို ထောက်ရှုပါက မော်တော်ယာဉ်အသုံးပြုမှု များပြားခြင်းကြောင့် ယာဉ်မတော်တဆမှုများ တိုးလာခြင်း မဟုတ်ဘဲ မော်တော်ယာဉ်နှင့် ပတ်သက်သော အတွေ့အကြုံ၊ ဗဟုသုတ၊ ဆင်ခြင်တုံတရား၊ စည်းကမ်းလိုက်နာမှုတို့ အားနည်း နေခြင်းကြောင့် ဖြစ်သည်ကို အထင်အရှားတွေ့ရမည်ဖြစ်ပါသည်။
ယာဉ်မတော်တဆမှုမဖြစ်အောင် မော်တော်ယာဉ်ကို မည်သို့မည်ပုံ ဂရုတစိုက်ထိန်းကျောင်းမောင်းနှင်အသုံးပြုမည် ဆိုသော ဆင်ခြင်တုံတရားသည် ယာဉ်မောင်းသူတိုင်း သတိပြု ရမည့်အချက်ပင်ဖြစ်ပါသည်။ ယင်းအချက်ကို ဆင်ခြင် နှလုံးသွင်းနိုင်ခြင်း မရှိလျှင် တစ်နေ့ ယာဉ်မတော်တဆမှုနှင့် ရင်ဆိုင်ရဖွယ်ရှိပါသည်။
ယခုရက်ပိုင်းအတွင်း ယာဉ်မတော်တဆဖြစ်မှုများ မကြာ ခဏ ကြားသိနေရပါသည်။ မော်တော်ယာဉ်များကို အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မဆင်မခြင်မောင်းနှင်ခြင်း၊ စည်းကမ်းလိုက်နာမှု အားနည်းခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နေ သည်ကို ဝမ်းနည်းဖွယ်ကြားသိနေရပါသည်။ ကိုယ်ကိုင်တွယ် မောင်းနှင်သည့်ယာဉ်ကို အသိ သတိဖြင့် ဆင်ဆင်ခြင်ခြင် မောင်းနှင်ကြရန်လိုပါသည်။ သို့ဖြစ်၍ ယာဉ်အသုံးပြုသူများ အနေဖြင့် မော်တော်ယာဉ်ကို အသုံးပြုသည့်အခါတိုင်း ယာဉ်မတော်တဆမှုမဖြစ်အောင် အထူးသတိပြုပါမည်ဆိုသော ဆင်ခြင်တုံတရားကို နှလုံးသွင်းကျင့်သုံးအပ်ပေကြောင်း။ ။

No comments:

Post a Comment