Friday, October 2, 2015

ယခုနှစ်၌ စိုက်ပျိုးသီးနှံများ ဈေးကောင်းရသော်လည်း လုပ်သားရှားပါးနေ




The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၁

ယခုနှစ်တွင် စိုက်ပျိုးသီးနှံများ ဈေးကောင်းရသော်လည်း စိုက်ခင်းအတွက် အလုပ်သမားရှားပါးလာခြင်းကြောင့် စိုက်ပျိုးသူများ တွက်ခြေမကိုက်ကြကြောင်း စိုက်ပျိုးသူအများစုကပြောသည်။

ယခုနှစ်တွင် ယခင်နှစ်များနှင့်မတူ စိုက်ပျိုးသီးနှံများ ဈေးကောင်းရသော်လည်း နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လယ်ယာလုပ်ငန်းများနှင့် တောင်ယာလုပ်ငန်းများတွင် လုပ်သားရှားပါးခြင်းများ ရှိလာ၍ ထင်သလောက် မစိုက်ပျိုးနိုင်ဘဲ ရှိကာ စိုက်ပျိုးသူများအတွက် တွက်ခြေ မကိုက်ကြကြောင်း ၎င်းတို့က ပြောသည်။

လုပ်သားများမှာ အလုပ်သမား ရှားလာသည်ကို အကြောင်းပြု၍ ၎င်းတို့၏ နေ့စားလုပ်အားခကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်တောင်းလာခြင်းကြောင့် တောင်သူများမှာ တိုးမြှင့်၍ မပေးနိုင်ခြင်းကြောင့် လုပ်သားငှားရမ်းမှုနည်းကာ စိုက်ပျိုးမှုအထွက်နှုန်းများလည်း ကျလာသည်။

သို့သော် လုပ်သားငှားရမ်းသူများအနေဖြင့်လည်း ငှားရမ်းမှုအတွက် တွက်ခြေကိုက်အောင် သီးနှံများစိုက်ပျိုးရာတွင် တခြားသီးနှံများနှင့်ပါ တွဲဖက်စိုက်ပျိုးမှုများရှိကြောင်း စိုက်ပျိုးသူများက ပြောသည်။

''နေ့စားအလုပ်သမားကို အခုဒီနှစ်မှာ ကျပ် ၃၅ဝဝ ပေးရတယ်။ ဒီထက်လည်း တိုးပေးရရင်မကိုက်ဘူး။ သူတို့ ထမင်းနဲ့ သူတို့လာဆင်းကြတယ်။ ဦးတို့က ကော်ဖီလေး မုန့်လေးကျွေးရုံပါပဲ။ အခု ဦးဆိုရင် ငှက်ပျော ကို အဓိကထားစိုက်တယ်။ ငှက်ပျောပင်ကို ပေါင်းသင်ဖို့အတွက်ပေါ့။ ငှက်ပျောကြားမှာ ငရုတ်၊ သခွားတွေ ရောစိုက်တယ်။ ငရုတ်၊ သခွားက သူတို့အတွက် နေ့စားခထွက် အောင်စိုက်ထားရတာ။ ဒါတောင်သီးနှံဈေး ကျရင် မကိုက်ဘူး''ဟု ဇေယျာသီရိမြို့နယ် မှ တောင်သူဦးမောင်မြင့်က ပြောသည်။

''ကျွန်တော့်အနေနဲ့က လူငှားမခေါ်နိုင် ပါဘူး။ ကိုယ့်မိသားစုနဲ့ တစ်ပိုင်တစ်နိုင်ပဲ လုပ်တော့တယ်။ ဒီနယ်မြေမှာက မြေနေရာတွေ ရှိသေးတယ်။ တတ်နိုင်ရင် လုပ်သားငှားပြီးလုပ်ရင် ကိုယ့်ချဲ့ရင်ချဲ့နိုင်သလောက် စိုက်နိုင်ရင် စိုက်နိုင်သလောက် စိုက်ပျိုးနိုင်တယ်။ အခု လုပ်သားကလည်းရှားတယ်။ ရှားတော့ ရှိတဲ့သူကို ဈေးတိုးပြီး အပြိုင်အဆိုင်ခေါ်ရတော့ မကိုက်တော့ဘူး။ ခုတော့ပြတ်တယ်။ ကိုယ့်နိုင်သလောက်ပဲလုပ်တယ်။ ဒါပေမယ့်ဒီနှစ်မှာ ရေကြီးလို့လားမသိဘူး။ သီးနှံဈေး တွေ ကောင်းတော့ ကျွန်တော်တို့ နည်းနည်း မချင့်မရဲ ဖြစ်နေရတယ်''ဟု ကျောက်ဖျာရွာ သား ကိုစိုးက ပြောသည်။

အလုပ်သမားများမှာ တမြန်နှစ်က ကျပ် ၂ဝဝဝ ဝန်းကျင်ရှိခဲ့ရမှာ ပြီးခဲ့သည့်နှစ်တွင် နေ့စားတစ်ဦးလျှင် ကျပ် ၂၅ဝဝ၊ ယခုနှစ်တွင် ကျပ် ၃၅ဝဝ အထိ ဈေးနှုန်းရရှိခဲ့ပြီး ထိုထက် တိုးရရှိရန်ကြိုးစားနေကြောင်း ၎င်းက ဆက် လက်ပြောသည်။နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ နေ့စားဘောက်လုပ်သားများမှာ တောင်ယာလုပ်သားများ၊ လယ်ယာလုပ်သားများနှင့် သီးနှံခူးဆွတ်ချိန်တွင် သီးနှံခူးဆွတ်သည့် အလုပ်များလုပ်ကိုင်ကြပြီး ယခုနှစ်များတွင် လမ်းလုပ်ငန်းများ ပေါ်လာ၍ အလုပ်အကိုင် ပေါများလာခြင်းကြောင့် လုပ်သားများမှာ အလုပ်ရွေးလုပ်ကိုင်ကြကြောင်း လုပ်သားတစ်ဦးကပြောသည်။

''လမ်းလုပ်ငန်းတွေပေါ်လာတော့ လနဲ့ချီပြီးလည်း အလုပ်ရသေးတယ်။ ရွာတွေမှာ သီးနှံခူးတာ၊ မြေပေါင်းသင်တာတို့ဆို ကျပ် ၂၅ဝဝ လောက်ပဲရတယ်။ လမ်းအလုပ်ကျ တော့ သူတို့က အလုပ်သမားလာအောင်လို့ ငွေကို တိုးပေးတယ်။ တိုးပေးရင်းနဲ့ တစ်ဦးကို ကျပ် ၃၅ဝဝ လောက်ဖြစ်သွားတယ်။

''ရွာထဲက လယ်ရှင်၊ ယာရှင်တွေကတော့ ဒီထက်တိုးမပေးနိုင်ဘူးပြောတယ်။ တိုးပေး ရင်တော့ ကိုယ့်ရွာထဲပဲလုပ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ကြည့်မယ်ဆို ဘောက်လုပ်ငန်းက ဘယ်နေ့ အလုပ်မရှိဖြစ် မယ်မသိဘူး။ နောက်ပြီး ဒီခေတ်ကုန်ဈေး နှုန်းနဲ့ လူတစ်ဦးကို ဒီလောက်မှ မရရင်လည်းကျွန်တော်တို့အတွက်လည်း မကိုက်ပါဘူး''ဟု ဇေယျာသီရိနယ်မြေက ဘောက်လုပ်ငန်းများလုပ်ကိုင်နေသူ ကိုမင်းက ပြောသည်။

ယင်းနယ်မြေအတွင်းမှ လယ်လုပ်ငန်းလုပ်ကိုင်သူများနှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများက လုပ်သားရှားပါးလာခြင်းကြောင့် စက်ကိရိယာကြီးများဖြင့် လုပ်ကိုင်ခွင့်ရပါက လုပ်ကိုင်ချင်ကြောင်း ၎င်းတို့၏အမြင်ကို ပြောသည်။
ရှင်မင်းနွယ်

No comments:

Post a Comment