Friday, October 2, 2015

ဧရာဝတီကို ရတနာပုံ ဂိုးပြတ်သွင်း




The Mirror Daily's photo.


သတင်းနှင့် ဓာတ်ပုံ-ချစ်ကိုကို

၂ဝ၁၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ရွှေ့ဆိုင်း ပွဲစဉ်ဖြစ်သည့် ပွဲစဉ် (၁၆) နောက်ဆုံးနေ့ပွဲစဉ်ကို ယနေ့ ညနေပိုင်းက ဗထူးကွင်း၌ ကျင်းပရာ ရတနာပုံအသင်းက ဧရာဝတီအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရတနာပုံ - လေးဂိုး
ဧရာဝတီ - တစ်ဂိုး

ယခုရာသီတွင် ဧရာဝတီအသင်းနှင့် တွေ့ဆုံတိုင်း ရလဒ်မကောင်းသည့် ရတနာပုံအသင်းမှာ ယခုပွဲစဉ်တွင် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပြီး ဒုတိယနေရာတွင် ဆက်လက် ရပ်တည်နိုင်ခဲ့သည်။ ဧရာဝတီအသင်းမှာ လူစုံနီးပါး ပါဝင် ခဲ့သော်လည်း ပုံစံကောင်းပြသနိုင်ခြင်းမရှိဘဲ ရတနာပုံ အသင်းမှာ အိမ်ကွင်း၌ ခြေအသာဖြင့် ဖိကစားကာ နိုင်ပွဲရ ယူခဲ့ခြင်းဖြစ်သည်။

ရတနာပုံအသင်းမှာ ပွဲထွက်လူစာရင်းကို အနည်းငယ် အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဧရာဝတီအသင်းမှာမူ အမာခံ ကစားသမားအများစုဖြင့် ရင်ဆိုင်ခဲ့သည်။ ရတနာပုံ အသင်းမှာ ပွဲစကတည်းက ခြေအသာဖြင့် ဖိ ကစားနိုင်ခဲ့ပြီး လေးမိနစ်တွင် အသင်း ခေါင်းဆောင်မက်ဆီမင်က အဖွင့်ဂိုး စတင်သွင်းယူခဲ့သည်။ ဂိုးရရှိသွား၍ ရတနာပုံအသင်း ကစားပုံပိုကောင်းလာပြီး မိနစ် ၃ဝ တွင် တိုက်စစ်မှူး မာတူနာက ဒုတိယဂိုးသွင်းယူခဲ့သည်။ ပထမပိုင်းတွင် ကစားပုံပျက်နေသည့် ဧရာဝတီအသင်းမှာ ဒုတိယပိုင်းအစတွင် လာဇာကို ထည့်ကာ တိုက်စစ် အားမြှင့်ခဲ့သော်လည်း ၄၆ မိနစ်တွင် ဂိုးထပ်ပေးခဲ့ရသည်။ ရတနာပုံအတွက် တတိယဂိုးကို အောင်သူက သွင်းယူ ပေးခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဧရာ ဝတီအသင်း ပြန်ဖိကစားနိုင်ခဲ့သည်။ ၆၆ မိနစ်တွင် ကွင်းလယ်လူ ဆင်မ်က ဧရာဝတီအတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သော်လည်း ရတနာပုံအတွက် စတုတ္ထဂိုးကို ၇၅ မိနစ်တွင် ယွန်းဂျီဆောင်က သွင်းယူ ပေးခဲ့သည်။

MNL အမှတ်ပေးပြိုင်ပွဲကို ယခုပွဲစဉ်အပြီးတွင် ခေတ္တရပ်နား မည်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက် တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment