Friday, October 2, 2015

ရေဘေးသင့်ပြည်သူများအတွက် ပရဟိတရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှရရှိသော လှူဒါန်းငွေများ ပေးအပ်သည့်အခမ်းအနားသို့ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်


The Mirror Daily's photo.


ရန်ကုန် အောက်တိုဘာ ၁

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းတို့၏ ပရဟိတရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲမှရရှိသော လှူဒါန်းငွေများအား ရေဘေးသင့်ပြည်သူ များအတွက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင် ကွင်းလမ်းရှိ SKY Star ဟိုတယ်၌ ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျှန်နှင့် သံရုံးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျှန်နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်တို့က ရေဘေး သင့်ပြည်သူများအတွက် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံ ရေးဘေးသင့်ပြည်သူများ အတွက်မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ လှူဒါန်းသည့်လှူဒါန်းငွေများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျှန်နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်တို့က ပေးအပ်ရာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ယင်းနောက် လှူဒါန်းမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ကျေးဇူး တင်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးသည်။

ယနေ့လှူဒါန်းပွဲတွင် မြန်မာ-တရုတ်ကုန်သည်ကြီးများအသင်း၊ ယူနန်ဘုံ ကျောင်း၊ ပင်လယ်ရပ်ခြားရောက် တရုတ်လူမျိုးများပရဟိတအသင်း၊ မြန်မာ-တရုတ်လုပ်ငန်းရှင်များအသင်း၊ Huawei ကုမ္ပဏီ၊ အရှေ့တောင်အာရှပိုက်လိုင်း ကုမ္ပဏီ၊ Guangqian ဆက်သွယ်ရေးကုမ္ပဏီနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်း ရှင်းများ၏ လှူဒါန်းငွေစုစုပေါင်း ၈၂၆၇ဝ၂ဝ၉၇ ကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment