Friday, October 2, 2015

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန သတင်းကြေညာချက်




The Mirror Daily's photo.
- ၂ဝ၁၆ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်ရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည်-

- တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်၂ဝ၁၅-ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ စတင်၍ သတ်မှတ်ထားသောနှုန်းထားဖြင့် ရောင်းချပေးမည် ဖြစ်ပါသည်။

- စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊(၅)၊(၆)၊(၇)၊(၈) များဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊(၃)၊(၄) များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထားပါသည်။

- ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေးအတွက် ကျသင့်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂ဝ၁၅-ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ(၃၁)ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။

- အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက် တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ကျသင့်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာ တစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည် ဖြစ်ပါသည်။

- သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြ ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှု ရှိ၊ မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန် ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

- လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်၊ ရုံးအမှတ် (၅၂)၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်)နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ အမှတ် (၁၆၆) ၊ လသာလမ်း၊ ရန်ကုန်မြို့တို့တွင် လာရောက် ဝယ်ယူနိုင်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

No comments:

Post a Comment