Friday, October 2, 2015

လူ့အဖွဲ့အစည်းအတွင်း ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ကို ဖော်ဆောင်ရာတွင် ပြည်သူတို့ယုံကြည်ကိုးစားမှုကို အခြေခံအုတ်မြစ်အဖြစ် တည်ဆောက်ဖော်ဆောင်




The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၁

မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၁)နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ရှိ သင်္ဂဟဟိုတယ် Grand Ballroom ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးဝင်းမြင့်၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဦးဝင်းရှိန်၊ ဒေါက်တာ ဒေါ်မြတ် မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အစိုးရမဟုတ် သော လူမှုရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ထူးချွန်ဆုရရှိကြသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လူအဖွဲ့အစည်းအတွင်း ပိုမို ထိရောက်ပြီး အကျိုးရှိသည့် ရဲတပ်ဖွဲ့လုပ်ငန်းဖြစ်သည့် ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်ကို ဖော်ဆောင်ရာတွင် ပြည်သူတို့ယုံကြည်ကိုးစားမှုကို အခြေခံအုတ်မြစ်အဖြစ် တည်ဆောက်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ မှုခင်းများဖြစ်လာမှ တုံ့ပြန်ခြင်းထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်မှုများပြုလုပ်ခြင်းကို ဦးတည်ဆောင်ရွက်သွားကြရန်၊ လူတစ်ဦးချင်း အဆင့်မှသည် နိုင်ငံတော်အဆင့်ထိ ဦးစားပေးကာကွယ်ရမည့် မှုခင်းပြဿနာများကို ရှာဖွေ၍ မှုခင်းအန္တရာယ် ထိခိုက်နိုင်ခြေ အများဆုံးသော ဒေသများ၊ ကဏ္ဍများပါဝင်သည့် မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအစဉ်များကိုရေးဆွဲ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်သူက လေးစားယုံကြည်မှုပိုမိုရရှိလာစေရန် ရဲတပ်ဖွဲ့ဝင်များသည် အဂတိတရားကင်းရှင်းကြရမည့်အပြင် တပ်ဖွဲ့ စည်းကမ်းနှင့် ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကိုလည်း ဥပဒေနှင့်အညီ လုံခြုံမှု အကာအကွယ်ပေးသွားကြရမည်ဖြစ်ကြောင်း၊ မီဒီယာများမှတစ်ဆင့် ပြည်သူလူထုသို့ အသိပေးခြင်းသည် ပွင့်လင်းမြင်သာမှုဟူသည့်တောင်းဆိုမှုကို ဖြည့်ဆည်း ပေးနိုင်ရန် ထိရောက်မှုအရှိဆုံးသော နည်းလမ်းဖြစ်သည့် အတွက် မီဒီယာနှင့် ရဲတပ်ဖွဲ့ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက်ပြီး ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် နိုင်ငံတစ်ဝန်းလုံး တစ်ပြိုင်တည်း ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ပြီးမြောက်နိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိသည့် စိန်ခေါ်မှုများ၊ ကြုံတွေ့လာမည့် အခက်အခဲများကို ကြိုတင်သုံးသပ်အဖြေထုတ်ပြီး စီမံချက်များ၊ အစီအမံများချမှတ်ကာ အကောင်းဆုံးပြင်ဆင်ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအကြို ကာလမှစတင်၍ ရွေးကောက်ပွဲလွန်ကာလအထိ အခြားတာဝန်ရှိသည့်ဌာနများနှင့် ပူးပေါင်း၍ လုံခြုံရေးအမြင်၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအား လွတ်လပ်မျှတပြီး တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိကရည်မှန်းချက်တာဝန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စံပြဆုရရှိသူ ရဲအုပ်ဇင်မင်းကိုအား စံပြရဲဂုဏ်ပြုစလွယ်နှင့် တစ်ဆင့်မြင့်ရာထူးတံဆိပ် တပ်ဆင်ပေးပြီး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က စံပြရဲဆုရ ဒုရဲအုပ်ဇော်ဇော်အောင်နှင့် ရဲအရာခံမျိုးသန့်တို့အား စံပြရဲဂုဏ်ပြုစလွယ်နှင့် တစ်ဆင့်မြင့်ရာထူးတံဆိပ် တပ်ဆင်ပေးသည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား တစ်ဆင့်မြင့်ရာထူး တိုးမြှင့်တပ်ဆင်ပေးခြင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် မှုခင်းဆိုင်ရာ DNA ဓာတ်ခွဲခန်းဖြစ်မြောက်ရေးနှင့် စမ်းသပ်စစ်ဆေးရေးတွင် အကြံဥာဏ်နှင့် နည်းပညာများ၊ ပံ့ပိုးကူညီခြင်းများဆောင် ရွက်ပေးခဲ့သည့် ဒေါက်တာနေဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ ဒေါ်စန်းစန်းနွယ်၊ မွန်ပြည်နယ် ကျုံဖိုက်ကျေးရွာ ကံကလေး မူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းချို၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာမှ ဦးဝင်းဦးနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ဈေးကြီးတောင်ပေါ် တန်းရပ်မှ ဒေါ်ရင်မြ တို့အား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တာဝန်ရှိသူများက ရုံးဝန်ထမ်း ထူးချွန်ဆု၊ အမျိုးသမီးစွမ်းဆောင်ရှင်ဆု၊ အားကစား ထူးချွန်ဆုများအား တစ်ဆင်မြင့်ရာထူး၊ ဂုဏ်ပြုမှတ်တမ်း လွှာများနှင့် အမှုထမ်းကောင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment