Thursday, October 1, 2015

အိမ်ရှင်မြန်မာအသင်းပွဲဦးထွက် ဂိုးပြတ်အနိုင်ရ



 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန်   စက်တင်ဘာ   ၃ဝ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာ အသင်းမှာ ဘရူနိုင်းအသင်းကို လေးဂိုးပြတ်အနိုင်ရရှိခဲ့သည်။
အာရှဘောလုံးအဖွဲ့ချုပ်၏ ကွင်းပိတ်ပြစ်ဒဏ်ကြောင့် အိမ်ရှင်မြန်မာအသင်းမှာ ယခုပွဲကို ပရိသတ်မပါဘဲ ကစားခဲ့ရသော်လည်း အမှားအယွင်းမရှိ အမှတ်ပြည့်ရယူနိုင်ခဲ့ သည်။ မြန်မာအသင်းမှာ မိနစ် ၉ဝ အပြည့်နီးပါး ခြေအသာဖြင့် ဖိကစားကာ ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘရူနိုင်းအသင်းမှာ နှစ်ပွဲဆက် လေးဂိုးပြတ်ရှုံးနိမ့်ခဲ့သော ကြောင့် ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးလွန်စွာနည်းသွားပြီဖြစ်သည်။ မြန်မာ အသင်းမှာ အာဆီယံ ယူ-၁၉ ပြိုင်ပွဲထက် ကစားပုံ ပိုမိုကောင်းမွန်လာပြီး ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

မြန်မာအသင်းမှာ   ယခုပွဲတွင် လူမစုံနိုင်ဟုသတင်းများ ထွက်ပေါ်ခဲ့ သော်လည်း    ဒဏ်ရာရရှိနေသည့် အသင်းခေါင်းဆောင် ရဲရင့်အောင်နှင့် နောက်ခံလူ စိုးမိုးထွန်းတို့ အပါအဝင် လူစုံပါဝင်ခဲ့သည်။  ဘရူနိုင်းအသင်းက ခံစစ်အသားပေးကစားသောကြောင့် မြန်မာအသင်းပွဲစကတည်းက တစ်ဖက် သတ်ဖိကစားနိုင်ခဲ့ပြီး   ခုနစ်မိနစ် တွင်   ပယ်နယ်တီကန်ခွင့်ရရှိခဲ့သည်။  ရွှေကိုကြောင့်ရရှိသည့် ပယ်နယ်တီကို ကွင်းလယ်လူ ဇင်ဖြိုးအောင်က သွင်း ယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီး နောက် ပိုင်းတွင် မြန်မာအသင်း စိတ်ကြိုက် ဖိကစားခဲ့ပြီး  ၂၆ မိနစ်တွင် ပြစ်ဒဏ် ဘောမှတစ်ဆင့်    ရဲရင့်အောင်က ဒုတိယဂိုး၊ ၂၈ မိနစ်တွင် ထူးခန့်လွင် က တတိယဂိုးတို့ သွင်းယူခဲ့သည်။

ဒုတိယပိုင်းအစတွင်   မြန်မာ အသင်းဂိုးထပ်ရခဲ့ပြီး   တိုက်စစ်မှူး အောင်ဇင်ဖြိုးက နောက်ခံလူများကို ကျော်ကာ သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ဆက်လက်ဖိကစားနိုင်သော်လည်း ဂိုးထပ်မံမသွင်းနိုင်တော့ပေ။ မြန်မာ အသင်း၏ခြေစွမ်းမှာ ယခင်ကထက် တိုးတက်မှုများ    ရှိလာသော်လည်း တစ်ဦးချင်း  ထိုးဖောက်မှုများနေ၍ တိုက်စစ်ဆင်မှုအချို့မှာ ထိရောက်မှု မရှိခဲ့ပေ။

ယခုပွဲအပြီးတွင် တီမောအသင်း က နှစ်ပွဲ ကစားတစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ လေးမှတ်၊ မြန်မာနှင့် ဗီယက် နမ်အသင်းတို့က တစ်ပွဲကစားတစ်ပွဲ နိုင်၊ သုံးမှတ်စီ၊ ဟောင်ကောင်အသင်း က နှစ်ပွဲကစား၊တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ တစ်မှတ်တို့ရရှိထားပြီး   ဘရူနိုင်း  အသင်းမှာ   နှစ်ပွဲစလုံးရှုံးနိမ့်ကာ  အမှတ်မရသေးပေ။ ပထမပွဲစဉ်တွင် တီမောအသင်းနှင့် ဟောင်ကောင် အသင်းတို့ ဂိုးမရှိ သရေကျသွားသည်။ ဟောင်ကောင်အသင်းမှာ နိုင်ပွဲစတင် ရရှိရန်ကြိုးပမ်းခဲ့သော်လည်း     သရေ တစ်မှတ်ဖြင့်သာ     ကျေနပ်ခဲ့ရပြီး တီမောအသင်းမှာလည်း နှစ်ပွဲဆက် နိုင်ပွဲရယူနိုင်မည့်    အခွင့်အရေး လက်လွှတ်ခဲ့ရသည်။

တတိယနေ့ပွဲစဉ်များကို အောက် တိုဘာ ၂ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ညနေ ၃နာရီခွဲတွင် ဗီယက်နမ်နှင့် ဘရူနိုင်း၊ ညနေ ၆နာရီ ခွဲတွင် မြန်မာနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

No comments:

Post a Comment