Wednesday, October 28, 2015

ဧရာဝတီမြစ်တွင်းက နေဝင်ချိန် ပုဂံရှုခင်း ကြည့်ရှုခံစားနိုင်မည့်ခရီးစဉ်များ စတင်




The Mirror Daily's photo.


မန္တလေး အောက်တိုဘာ ၂၇

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ နိုင်ငံတကာမှ ဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ ဧရာဝတီမြစ်အတွင်းမှ ညနေပိုင်း နေဝင်ချိန် အပန်းဖြေရှုခင်းကြည့် အပျော်ခရီးစဉ်များ စတင်ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။

နေဝင်ချိန်အပျော်စီးခရီးစဉ်များကို ပုဂံအခြေစိုက် Cruise de Bagan မှ သုံးထပ်သင်္ဘောဖြင့် စီစဉ်ပေးလျက်ရှိပြီး ပုဂံနေဝင်ချိန်ရှုခင်းကြည့်ခရီး စဉ်အား ညနေ ၄ နာရီခွဲတွင် ညောင်ဦးမြို့ သာယာဝတီဆိပ်ကမ်းမှ သုံးထပ်သင်္ဘောဖြင့် စတင်ထွက်ခွာကာ ဧရာဝတီမြစ်အတွင်းလှည့်လည် ပေးမည်ဖြစ်ပြီး ည ၈ နာရီတွင် ကမ်းခြေသို့ ပြန်လည်ဆိုက်ကပ်မည်ဖြစ်သည်။ ခရီးစဉ်အတွက် ဘူဖေးညစာအပါအဝင် တစ်ဦးလျှင် ငွေကျပ် ၃၅ဝဝဝ သတ်မှတ်ထားပြီး သင်္ဘောစီးချိန် ၄ နာရီခန့် ကြာမြင့်မည်ဖြစ်သည်။

''သင်္ဘောပေါ်မှာ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကင်းရှင်းရေးအတွက် အထူးဆောင်ရွက်ပါတယ်။ သင်္ဘော အပေါ်ဆုံးထပ်က ရှုခင်းကြည့်ဖို့နဲ့ အလယ်ထပ်မှာ လူ ၁၅ဝ တစ်ပြိုင်နက်တည်း စားသောက်နိုင်မယ့်အပြင် အောက်ဆုံးထပ်မှာ အထူးစားသောက် ခန်းတစ်ခန်းပါရှိပါတယ်''ဟု မန်နေဂျာ ဦးမျိုးဇေယျက ပြောသည်။

နိုင်ငံတကာမှ ခရီးသည်များသည် ဧရာဝတီမြစ်အတွင်းမှ စက်လှေငယ်များနှင့် မော်တော်များငှားရမ်းကာ အပန်းဖြေအနားယူရင်း ဓာတ်ပုံရိုက်ကူးလေ့ရှိကြသည်။ ယမန်နှစ်က အိန္ဒိယ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံမှ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံ ပွဲတွင် ညနေပိုင်း မြစ်တွင်းအလှနှင့် နေဝင်ချိန်ကြည့်ရှုနိုင်ရန် စီစဉ်ပေးခဲ့ရာမှ ယခုကဲ့သို့ အပျော်စီးသင်္ဘော ခရီးစဉ်ကို စီစဉ်ခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အား အောက်တိုဘာ ၂၄ ရက်က စတင်ကာ လာမည့်သင်္ကြန် ကာလမတိုင်ခင်အထိ နေ့စဉ်ပြေးဆွဲ သွားမည်ဖြစ်ပြီး ဧည့်ခံပွဲများကိုလည်း လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(ဝဝ၂)

No comments:

Post a Comment