Saturday, October 31, 2015

မြန်မာ-တရုတ်-အိန္ဒိယ စီးပွားရေးစင်္ကြံလမ်းမကြီးဖြစ်လာနိုင်သည့် တဝမ်းတံတားယခုနှစ်ကုန်တွင် အပြီးတည်ဆောက်မည်



The Mirror Daily's photo.
မြစ်ကြီးနား အောက်တိုဘာ ၃ဝ

ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ်-အိန္ဒိယဆက်သွယ်နိုင်မည့် မြစ်ကြီးနား၊ နမ္မတီး၊ တနိုင်း၊ ပန်ဆောင်သွား ကားလမ်းမပေါ်တွင် အောက်ထပ် (1.2mo Bored Pile-4’o Spun Pipe Foundation)နှင့် အပေါ်ထပ်အာစီကမ်းကပ်ခုံနှင့် ရေလယ်တိုင်၊ အာစီကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတားအရှည်ပေ ၁၂၆ဝ၊ အကျယ် ၂၄ ပေ၊ နှစ်လမ်းသွားတံတားအမျိုးအစားကို ဆောက်လုပ်လျက်ရှိကြောင်း တံတားဦးစီးဌာန တံတား အထူးအဖွဲ့(၁)မှ ဦးစီးအရာရှိ ဒေါ်တင်မိုးခိုင်က ပြောပြသည်။

အဆိုပါတဝမ်းတံတားအား ၂ဝ၁၃ ခုနှစ် ဇွန် ၁ ရက် မှစ၍ စီမံကိန်းပြီးဆုံးသည်အထိ ခန့်မှန်းကုန်ကျငွေ ကျပ် ၄၃၂ဝ ဒသမ ဝဝ သန်းခန့်ကို ပြည်ထောင်စုရန်ပုံငွေဖြင့် သုံးစွဲရန် လျာထားလျက်ရှိပြီး ယနေ့အချိန်ထိ တံတားတည်ဆောက်မှုမှာ ၇ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းနှင့် ယခုနှစ်အကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါတံတားသည် မြစ်ကြီးနား၊ နမ္မတီး၊ တနိုင်း၊ ရှင်ဖွေယန်၊ ပန်ဆောင် လမ်းမပေါ်တွင်ရှိရာ မြန်မာ-တရုတ်- အိန္ဒိယစီးပွားရေးစင်္ကြံလမ်းမကြီးတစ်ခုဖြစ်လာနိုင်ပြီး ယင်းတံတားကြီးပြီးစီးသွားပါက ယင်းဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံစီးပွားရေးကုန်သွယ်မှု ပိုမိုမြန်ဆန် ကောင်းမွန်လာနိုင်မည့်အပြင် နိုင်ငံအချင်းချင်း ကူးလူးဆက်သွယ်သွားလာမှု၊ ရိုးရာယဉ်ကျေးမှုနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်တွင် ပြည်နယ်တစ်ခုလုံး အနေဖြင့် ပေ ၅ဝ အထက် သံကူကွန်ကရစ်တံတားအပါအဝင် တံတား ၂၃ စင်းဆောက်လုပ်သွားမည်ဖြစ်ရာ ရှစ်စင်းမှာ ၁ဝဝ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးလျက်ရှိပြီး ၁၅ စင်းမှာ တည်ဆောက်ဆဲဖြစ်ကြောင်း သိရသည်။
မင်းရာဇာ(မြစ်ကြီးနား)

No comments:

Post a Comment