Thursday, October 29, 2015

သရုပ်ဆောင်တစ်ဦးအဖြစ် ပြန်လည်မြင်တွေ့ရတော့မယ့် ဂျက်ဆီကာဂျန်




တောင်ကိုရီးယားအမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ''Girls’ Generation''မှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဂျက်ဆီကာဂျန်သည် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ပူးပေါင်းထုတ်လုပ်မည့် ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသခံမီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။
တရုတ်ဖျော်ဖြေရေးအေဂျင်စီ စီနာကလည်း ဂျက်စီကာသည် ဟောင်ကောင်မင်းသား ဝီလီယံချန်နှင့် တွဲဖက်ကာ ရုပ်ရှင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျက်ဆီကာသည် ၂ဝ၁၂ခုနှစ်က တောင်ကိုရီးယားရုပ်ရှင် ''Wild Romance ''တွင် ပါဝင် သရုပ်ဆောင်ခဲ့ရာ ယခုရုပ်ရှင်သည် သူ့အတွက် ဒုတိယမြောက်ရုပ်ရှင်လည်း ဖြစ်သည်။ သို့သော် ပထမဦးဆုံး ရိုက်ကူးခဲ့သောရုပ်ရှင်တွင်မူ ဇာတ်ပို့တစ်ဦးအနေဖြင့်သာ ပါဝင်ခွင့်ရခဲ့သည်။
ယခုရိုက်ကူးမည့်ရုပ်ရှင်ကို ''Love Delivery''ဟု အမည်ပေးထားပြီး ယင်းရုပ်ရှင်သည် အချစ်နှင့် ဟာသရောနှောထားသော ဇာတ်လမ်းအမျိုးအစားဖြစ်ကာ ၂ဝ၁၆ ခုနှစ်အတွင်း ထုတ်လွှင့်ပြသ သွားနိုင် ရန် ရည်ရွယ်ရိုက်ကူးလျက်ရှိကြောင်း သိရသည်။
ဂျက်ဆီကာသည် ပြီးခဲ့သည့်နှစ်က '' Girls’ Generation ''မှ နှုတ်ထွက်ခဲ့ပြီး ဖက်ရှင်ဒီဇိုင်နာတစ်ဦး အဖြစ် ရပ်တည်လှုပ်ရှားခဲ့သည်။ ထို့ပြင် သူသည် တရုတ်နိုင်ငံတွင် အနုပညာလှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံအတွင်း ကျင်းပခဲ့သော တေးဂီတဖျော်ဖြေပွဲများတွင်လည်း ပါဝင်ဖျော်ဖြေခဲ့သည်။

No comments:

Post a Comment