Friday, October 30, 2015

တာဝတိံသာဘုရားဆင်းမဟာဗုဒ္ဓဝင်ပွဲတော် ပုသိမ်မြို့၌ ခြိမ့်ခြိမ့်သဲစည်ကား



The Mirror Daily's photo.


ပုသိမ် အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ်(၃)နယ်မြေ တာဝတိံသာမဟာစေတီဗိမာန်တော်ကြီး၌ ဝါလကင်းလွတ် သီတင်းကျွတ်ပွဲတော်ကို သီတင်းကျွတ်လဆန်း ၁ဝ ရက် (အောက်တိုဘာ ၂၃ ရက်) မှ အစပြု၍ အဘိဓမ္မာ ခုနစ်ကျမ်းအသံမစဲ ရွတ်ဖတ်ပူဇော်ခဲ့ရာမှ သီတင်းကျွတ် လပြည့်ကျော် ၁ ရက် (အောက်တိုဘာ ၂၉ရက်) ညနေ ဆည်းဆာအချိန်တွင် တာဝတိံသာဘုရားဆင်းမဟာဗုဒ္ဓဝင် အခမ်းအနားကျင်းပပူဇော်ရာ အမြို့မြို့အနယ်နယ်မှ ဘုရားဖူးများဖြင့် ခြိမ့်ခြိမ့်သဲစည်ကားကြောင်း သိရသည်။

အဆိုပါတာဝတိံသာဘုရားဆင်းကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၁၂ဝ ကျော်ရှိခဲ့ကြောင်း၊ ရှေးအခါက မြန်မာ နိုင်ငံသည် သူ့ကျွန်ဘဝရောက်ခဲ့စဉ်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်း၌ ပသီမင်းများနှင့်ဘာသာခြား လူမျိုးခြားတို့ သူတစ်လူ၊ ငါတစ်မင်း စစ်ခင်း၍ အနိုင်လု အုပ်စိုးခံရစဉ်က ဗုဒ္ဓသာသနာသည် ကွယ်ပျောက်ရတော့ မည့်အချိန်ရောက်ရှိနေသဖြင့် မန်လည်ဆရာတော်၊ မောင်းထောင်ဆရာတော်၊ ကုန်းသာဆရာတော် အစရှိသော သာသနာ့ဦးသျှောင် ဆရာတော်ကြီးတို့က ဘာသာ ခြား၊ လူမျိုးခြားတို့နှင့် ဗုဒ္ဓဘာသာနှင့် အလှမ်းဝေးကွာနေ ကြသူများအတွက် မဟာဗုဒ္ဓဝင်သရုပ်ဖော်ဇာတ်လမ်းများဖြင့် ထိုးဖောက်ခဲ့ရပြီး သီတင်းကျွတ်လတွင် တာဝတိံသာ ဘုရားဆင်းဗုဒ္ဓဝင်ပွဲတော်ကို ပုသိမ်မြို့ ကုန်းပိုင်းရပ်ကွက်၌ ကျင်းပသည်။ တန်ဆောင်မုန်းလတွင် ကုသိနာရုံ ဗုဒ္ဓဝင် ပွဲတော်ကို အသည်ကြီးပိုင်းရပ်ကွက်၌ လည်းကောင်း၊ နတ်တော်လတွင် နိဂြောဓာရုံဗုဒ္ဓဝင်ပွဲတော်ကို တလိုင်း ချောင်းရပ်ကွက်၌လည်းကောင်း ကျင်းပခဲ့ပြီး ဘာသာခြား၊ လူမျိုးခြားများနှင့် ဗုဒ္ဓဘာသာနှင့် အလှမ်းဝေးသူများအတွက် မြတ်စွာဘုရားရှင်ဗုဒ္ဓဝင်ဖြစ်စဉ်များကို မှတ်သားနာယူခဲ့ကြသည်။

တာဝတိံသာဘုရားဆင်း ဗုဒ္ဓဝင်အခမ်းအနားတွင် မြတ်စွာဘုရားရှင်သည် တာဝတိံနတ်ပြည်၌ မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားအမှူးပြု၍ နတ်ဗြဟ္မာ များအား အဘိဓမ္မာ ခုနစ်ကျမ်းဟောကြားတော်မူသကဲ့သို့ တာဝတိံသာ ဗိမာန်တော်ကြီး၌ သံဃာတော်များက အသံမစဲရွတ်ဖတ်ပူဇော်ခြင်း၊ ထို့နောက် လူ့ပြည်ဌာနမှ ခမည်းတော် သုဒ္ဓေါနမင်းကြီးနှင့် ပြည်သူတို့က ရှင်မဟာ မောဂ္ဂလာန်ထံမှတစ်ဆင့် ပင့်လျှောက်ချက်အရ သီတင်းကျွတ်လပြည့် နေဝင်ဆည်းဆာအချိန်၌ သိကြားမင်း ဖန်ဆင်းထားရှိသော ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်အနက် အလယ် ပတ္တမြား စောင်းတန်းမှ နတ်ဗြဟ္မာများဝန်းရံလျက် မြတ်စွာဘုရားရှင်သည် လူ့ပြည်ဌာန ရာဇဂြိုဟ်ပြည်သို့ သက်ဆင်းတော်မူရာ လူ့ပြည်ဌာနမှ မီးရှူးမီးတိုင်များဖြင့် ဆီးကြိုပူဇော်ကြသကဲ့သို့ တာဝတိံသာဘုရားဆင်း ဗုဒ္ဓဝင်အခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ သီရိရတနာ ဦးတင့်လွင်က ရှင်းလင်းပြောကြားသည်။
(ပုသိမ်လှကြည်)

No comments:

Post a Comment