Friday, October 2, 2015

ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားနေ့နှင့် တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး တက်ရောက်ချီးမြှင့်



The Mirror Daily's photo.


ရန်ကုန် အောက်တိုဘာ ၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်တို့ သည် ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ကျင်းပသည့် ကိုရီးယားသမ္မတ နိုင်ငံ အမျိုးသားနေ့နှင့် တပ်မတော်နေ့အထိမ်း အမှတ်ဧည့်ခံပွဲသို့ တက်ရောက်ချီးမြှင့်ကြသည်။

အဆိုပါဧည့်ခံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ တပ်မတော်အရာရှိကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ် ကြားထားသူများ တက်ရောက်ကြသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီးတို့သည် ညနေ ၆ နာရီခွဲတွင် ဧည့်ခံပွဲကျင်းပသည့် နိုဗိုတယ် ဟိုတယ်သို့ ရောက်ရှိလာကြရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr.Lee Beak-soon နှင့် ဇနီးတို့က ကြိုဆိုကြသည်။

ယင်းနောက် အခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ် ပြုတီးမှုတ်ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး Mr.Lee Beak-soon တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့်စစ်သံမှူး တို့က ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားနေ့နှင့် တပ်မတော်နေ့အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီးမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့် ဇနီး နှင့် တက်ရောက်လာကြသူများအား ကိုရီးယား သမ္မတနိုင်ငံသံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲ ဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment