Thursday, October 29, 2015

ဆီမီးရောင်ရှိန်ထိန်ထိန်လင်းသည့် ရန်ကုန်မြို့၏ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့





သတင်းဆောင်းပါး-
ခင်မောင်ထွေး၊ ဝင်းဝင်းမော်
ဓာတ်ပုံ-ဇော်မင်းလတ်

ရန်ကုန် အောက်တိုဘာ ၂၈

နံနက်အရုဏ်တက်မှ အစပြု၍ လူအုပ်စုကြီးများသည် တစ်ခုတည်း သော ဦးတည်ရာဆီသို့ အရှေ့၊ အနောက်၊ တောင်၊ မြောက် မုခ်ဦးတို့မှ တစ်ဆင့် စုဝေးသွားလာလျက် ရှိကြ သည်။ သူတို့ဦးတည်ရာနေရာ၌ လည်း ပိုမိုများပြားလှသော လူထုကြီး က ဆီးကြိုနေသည်။
သင်းပျံ့သော ပန်းရနံ့များ၊ အလျံရှိန်ရှိန်ဝင်းထိန်နေသည့် ဆီမီး ရောင်များ၊ မီးခိုးတလူလူနှင့် အမွှေး နံ့သာတိုင်များ၊ တရားရွတ်ဖတ် သရဇ္ဈာယ်သံများ၊ ခေါင်းလောင်းသံ များနှင့် မေတ္တာပို့၊ ဆုတောင်း၊ အမျှ ပေးဝေသံများကလည်း ယာဉ်ကြော ပိတ်ဆို့မှုတွင် နာမည်ကျော်လာသည့် ရန်ကုန်မြို့ပြမြင်ကွင်းများနှင့် တခြားစီ ပြောင်းပြန်ဖြစ်နေသည်။ 

မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့က ဆင်းရဲပယ်ခွာ ချမ်းသာစေတတ် အမြတ်ရတနာ အားကိုးရာအဖြစ် သက်ဝင်ယုံကြည် ရာ သဗ္ဗညုမြတ်စွာဘုရားရှင်နှင့် ဆက်စပ်သည့် အခါကြီးရက်ကြီးများ ဖြစ်သည့် နှစ်သစ်မင်္ဂလာ အခါတော် နေ့၊ ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့၊ နယုန်လပြည့် မဟာသမယအခါ တော်နေ့၊ ဝါဆိုလပြည့်ဓမ္မစကြာ အခါတော်နေ့၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့၊ တော်သလင်း လပြည့် ဂရုဓမ္မအခါတော်နေ့၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့၊ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့၊ တပို့တွဲ လပြည့်သြဝါဒပါတိမောက် အခါတော် နေ့နှင့် တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့များ၌ မရိုးနိုင်အောင် မြင်တွေ့ရလေ့ရှိသည့် မြင်ကွင်းတစ်ရပ်ဖြစ်သည်။

ယနေ့သည် သီတင်းကျွတ် လပြည့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သည်နှင့်အညီ သဗ္ဗညုမြတ်စွာ ဘုရားရှင်သည် ခြောက်ဝါအလွန် ခုနစ်ဝါအရောက် မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ် သက်တော် ၄၂ နှစ်အရွယ် တွင် တာဝတိံသာနတ်ပြည် ပင်လယ် ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာကျောက် ဖျာ နေရာထက်၌ မယ်တော်မိနတ်သား ကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက် ဖြင့် အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့တွင် လူတို့ နေရာ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည် သက်ဆင်းတော်မူရာ၌ မီးရှူးတန်ဆောင် အလင်းရောင်တို့ ဖြင့် ထွန်းညှိပူဇော်ကြသည့် ထုံးကို နှလုံးမူ၍ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့က မြန်မာသာမက ကမ္ဘာမှာပင် ထင်ရှားကျော်ကြားသည့် ရန်ကုန်မြို့ ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် ရင်ပြင်ထက်၌ မြင်းမိုရ်မီးပွဲဖြင့် ထွန်းညှိပူဇော်လျက်ရှိကြသည်။
ထို့ပြင် ကမ္ဘာ့အလှဆုံးစာရင်း တွင် ထိပ်တန်းဆယ်နိုင်ငံစာရင်းဝင်အဖြစ် သတ်မှတ်ခံရမှုနှင့် ထိုက်တန် စွာပင် စေတီတော်ရင်ပြင်ရှိ အလှူခံ မဏ္ဍပ်များ၌ ကလေး၊ လူကြီးမရွေး စုရုံးလှူဒါန်းနေကြသကဲ့သို့ တစ်ဦး ချင်း အလှူရှင်များ၊ စုပေါင်းအလှူရှင် များကလည်း စားဖွယ်သောက်ဖွယ် များကို ဘုရားဖူးလာပရိသတ်များအား စတုဒိသာ ကျွေးမွေးလှူဒါန်းနေမှုများ အပါအဝင် ‘ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှု ကုသိုလ်များကိုလည်း ဆည်းပူးအားထုတ်လျက် ရှိကြသည်။
ကျန်ပျော်ပွဲ ရွှင်ပွဲများ၌ ခေတ်ပေါ်ဝတ်စားဆင်ယင်မှုများနှင့် အသားကျနေကြသည့် မြန်မာလူငယ် လူရွယ်များသည်လည်း ယနေ့တွင် ဘာသာဓလေ့ ထုံးစံများနှင့်အညီ အများစုက မြန်မာဝတ်စုံကိုသာ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထား ကြသည်။
''အခုလို အခါကြီးရက်ကြီး အလုပ်ပိတ်ရက်မှာ သူငယ်ချင်းတွေ စုပြီး ဘုရားလာဖူးကြတာ၊ နေ့စဉ် အလုပ်ထဲမှာ ဒေါသ၊ မောဟတွေ များနေရတယ်။ အခုလို ဘုရားရိပ်၊ တရားရိပ်ရောက်တဲ့အခါ စိတ်ထဲမှာ အေးချမ်းသွားတယ်''ဟု ရွှေပေါက်ကံ အေဝမ်း အထည်ချုပ်စက်ရုံမှ မမျိုးသန္တာလှိုင်နှင့်အဖွဲ့က ဘုရား ဖူးရင်း ဤသို့ပြောသည်။
သို့သော် လူငယ်အချို့က အိုင်တီနည်းပညာခေတ်နှင့် အညီ အာရုံခံတန်ဆောင်းများရှိ ဘုရား ဝတ်ပြုသံများနှင့်အပြိုင် မိုဘိုင်းဖုန်း ကိုယ်စီဖြင့် ဆယ်ဖီရိုက်ကူးနေကြသည် ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။
ဘုရားစောင်းတန်း တစ်လျှောက် တွင် ယခင်က မြန်မာ့ရိုးရာလက်မှု ပညာဖြင့် ပြုလုပ်ထားသည့် အိုးပုတ်၊ ချိုးရုပ် ကလေးကစားစရာ အရုပ်လေး များမှာ အဖော်မဲ့နေပြီး ခေတ်မီကစား စရာများကသာ အနယ်နယ်အရပ်ရပ် မှ ဘုရားဖူးလာမိသားစုဝင် ကလေး ငယ်များကို ဆွဲဆောင်နေသည်။
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အလေးဂရုပြုရသည့် အဘိဓမ္မာ အခါတော်နေ့မြတ်ဖြစ်၍ ဘုရား ကျောင်းကန် စေတီပုထိုးများ၌သာ ပြည်သူများ အထူးစည်ကားလျက် ရှိသကဲ့သို့ ပြည်သူ့ရင်ပြင်နှင့် ပန်းခြံ တို့၌ မိသားစုအလိုက် ဝိုင်းဖွဲ့ အပန်းဖြေအနားယူကြ၍ ယာဉ်ကြော ကျပ်တည်းမှုများနှင့် ကြုံတွေ့နေရ သည့် ရန်ကုန်မြို့လယ် လမ်းမကြီး တို့တွင် ယနေ့ရှင်းလင်းလျက်ရှိသည်။

No comments:

Post a Comment